DVB Logo
Home
မြန်မာသတင်း
ရခိုင်က လက်ကျန်တိုက်ပွဲ ၂၀၂၇ ခုနှစ်မကုန်ခင် အဆုံးသတ်မည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော
DVB
·
April 11, 2026
Photo : AA
Photo : AA
Donate to DVB

အာရက္ခတပ်တော်ရဲ့ လက်ကျန်အဆုံးအဖြတ်တိုက်ပွဲတွေကို ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံသွားမယ်လို့ လုံးဝယုံကြည်ချက်ရှိကြောင့် ဧပြီ ၁၀ ရက်က အာရက္ခတပ်တော်ရဲ့ ၁၇ နှစ်မြောက် တပ်တော်နေ့မိန့်ခွန်းမှာ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားလိုက်ပါတယ်။

တကယ်လို့ ခြွင်းချက်အနေနဲ့ အဲဒီကာလရောက်လို့သာ မပြီးပြတ်နိုင်သေးရင်လည်း မိုးဆုံး မြေဆုံး တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အာရက္ခတော်ရဲ့ ပေးဆပ်မှုတွေဟာ တခုကိုလည်း အလဟဿ မဖြစ်စေရဘဲ အောင်နိုင်ရေးကို ယုံကြည်မှု သန္နိဋ္ဌာန်တွေနဲ့ အပြတ်သားဆုံး တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ရဲ့ တော်လှန်ရေးဟာ ပြည်သူ့အကျိုးစီးပွားနဲ့ ပြည်သူ့လွတ်မြောက်ရေးကို ဗဟိုပြုပြီး မှန်ကန်တဲ့ လမ်းကြောင်းထက် တရားတဲ့ စစ်ပွဲဖြစ်တာကြောင့် အနာဂတ်မှာတည်ဆောက်မယ့် အာရက္ခပြည်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထား ဗဟိုပြု တည်ဆောက်သွားမယ့် တိုင်းပြည်ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိန့်ခွန်းမှာ ပြောထားပါတယ်။

စစ်ကောင်စီရဲ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်သေဆုံးသွားတဲ့ ပြည်သူတွေအတွက်လည်း တရားမျှတမှု ရရှိအောင် ကြိုးပမ်းသွားမှာဖြစ်သလို မျှတမှုဆိုတာမှာလည်း မရေရာတဲ့ နိုင်ငံတကာရေးရာထက် လက်တွေ့ကျတဲ့ ကိုယ်အင်အားကို ဗဟိုပြုပြီးတော့ ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။

တိုင်းပြည်တည်ဆောက်ရေး ယုံကြည်မှုအခြေခံအတွေးအခေါ် မူဝါဒလမ်းစဉ်တွေနဲ့အညီ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့လည်း တစစနဲ့ပုံဖော်နေပြီးတော့ ရခိုင်ပြည်တွင်း နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ တန်းတူရည်တူ ငြိမ်းချမ်းစွာ ရှင်သန်နေထိုင်နိုင်ဖို့၊ လူမျိုးစု အချင်းချင်းကြား သဟဇာတနဲ့ နိုင်ငံသားတိုင်း တရားမျှတတဲ့ ဥပဒေတွေနဲ့ ပြဋ္ဌာန်းထားတဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို မျှတစွာပုံဖော်လုပ်ဆောင်ဖို့  အစွမ်းကုန်ကြိုးပမ်းနေတယ်လို့လည်း မိန့်ခွန်းမှာ ပါရှိပါတယ်။

ဒါအပြင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး ဆက်စပ်ကဏ္ဍတိုင်းမှာ အဆင်ပြေအောင်မြင်အောင် လည်ပတ်နိုင်ဖို့အတွက် မှန်ကန်တဲ့ မူဝါဒတွေနဲ့ ကောင်းမွန်တဲ့ ပတ်ဝန်ကျင်ကို တည်ဆောက်နိုင်ဖို့အတွက် အရေးကြီတယ်လို့လည်း ပြောထားပါတယ်။

နိုင်ငံတဝန်းလုံးက ဘဝတူ ဖိနှိပ်ခံတော်လှန်ရေး မိတ်ဖက်အင်အားစုတွေကိုလည်း စာနာနားလည်မှု မှန်ကန်တဲ့ စေတနာတွေနဲ့ တက်နိုင်သမျှ လက်တွဲပြီး ဖေးမကူညီပေးဖို့နဲ့ ဘုံရန်သူကို အတူတူလက်တွဲပြီး တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ကောင်းတွေကို အလေးအနက်တန်ဖိုးထားပြီး အပြန်အလှန်ကူညီကာ တိုက်ပွဲဝင်သွားကြဖို့ကိုလည်း သူရဲ့ ရဲဘော်တွေကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းခဲ့ပါတယ်။

လက်တွေ စစ်မြေပြင်တွေက ရလာတဲ့ နည်းပရိယာယ်၊ နည်းဗျူဟာအတွေ့အကြုံတွေ၊ အခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားပြီး တွေ့ရှိလာတဲ့ နည်းနာတွေနဲ့ ကျွမ်းကျင်တက်မြောက်မှုတွေကို အရည်အသွေးတွေကို စနစ်တကျ စီမံပြီး  ထိရောက်စွာ အသုံးချ တိုက်ပွဲဝင်ကာ အောင်မြင်မှုတွေကို ဆက်လက်ဖန်တီသွားရမယ်လို့လည်း ပြောခဲ့ပါတယ်။

အခုတိုက်ပွဲဟာ အာရက္ခပြည်သူတရပ်လုံး နိုးကြားတက်ကြွပြီး အမျိုးသားလှုပ်ရှားမှုကြီးက နှစ်ပေါင်း ၂၄၂ နှစ် ဆုံးရှုံးသွားတဲ့ ရက္ခိုင့်အချုပ်ချာအာဏာအတွက် အာရက္ခပြည်သူတွေရဲ့ တရားတဲ့ စစ်ပွဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒီလို အခြေအနေတွေကို ရောက်ရှိလာဖို့ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့ လက်ရှိတိုက်ပွဲဝင်နေကြတဲ့  ရဲဘော်တွေကို အထူးအလေးအနက်ထားပြီး ဂုဏ်ပြု ဂါရဝပြုတယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တပ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတည်းက ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာဖြစ်ပြီး မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားသလို လက်ကျန် ၃ မြို့က စစ်တွေနဲ့ ကျောက်ဖြူတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။

ဒါအပြင် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီးလည်း မကွေး၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တို့မှာလည်း စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013