
ရိုမေးနီးယားနိုင်ငံ၊ ခရိုင်ယိုဗာမြို့မှာ မီးရောင်စုံထွန်းညှိထားတဲ့ ဧရာမရုပ်သေးရုပ်ကြီးတွေ လမ်းမတွေပေါ် ချီတက်လာပြီး တမြို့လုံးကို လဟာပြင်ပြဇာတ်ရုံကြီးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒီမြင်ကွင်းဟာ ဩဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ၈ ရက်ကြာ ကျင်းပတဲ့ နှစ်စဉ် “Puppets Occupy Street” ပွဲတော်က ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်ည ပိတ်ပွဲရဲ့ ချီတက်ပွဲမစခင် ကလေးတွေက ဧရာမရုပ်သေးရုပ်ကြီးတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ မီးရောင်စုံရုပ်သေးတွေက မြို့လယ်တလျှောက် ညပိုင်းချီတက်ခဲ့ကြပါတယ်။
ဒီနှစ်ပွဲတော်ကို “ကြယ်မှုန်”လို့ အမည်ပေးပြီးတော့ အာကာသခရီးစဉ်ပုံစံ ဖန်တီးထားတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
နိုင်ငံ ၁၅ နိုင်ငံက ရုပ်သေးပညာရှင်တွေ၊ ဆပ်ကပ်အနုပညာရှင်တွေနဲ့ ပြဇာတ်အဖွဲ့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြပါတယ်။
လမ်းဘေးဖျော်ဖြေပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဂီတပွဲတွေနဲ့ ပြပွဲတွေကို မြို့အနှံ့ ကျင်းပခဲ့ပါတယ်။
ရုပ်သေးရုပ်တချို့က ၅ မီတာ၊ ဒါမှမဟုတ် ၁၆ ပေအထိ မြင့်ပါတယ်။ ဂျပန်၊ ဘရာဇီး၊ အာဂျင်တီးနားနဲ့ အီတလီနိုင်ငံတွေက အလှပြယာဉ်ကြီးတွေနဲ့ ပြဇာတ်အဖွဲ့တွေလည်း ရောက်လာကြပါတယ်။
၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီပွဲတော်ဟာ ပြင်သစ် အဗစ်ညွန်ပွဲတော်ပြီးရင် ဥရောပရဲ့ ဒုတိယအထင်ရှားဆုံး ရုပ်သေးနဲ့ လမ်းမပြဇာတ်ပွဲတော် ဖြစ်လာတယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။











