
အမေရိကန်အာကာသအေဂျင်စီ နာဆာ (NASA) ရဲ့ မတ်လ ၆ ရက်နေ့ လွှတ်တင်မဲ့ လခရီးစဉ်ကို စက်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။
ဒုံးပျံလောင်စာကန်တွေကို ဖိအားပေးဖို့နဲ့ အအေးခံစနစ်တွေမှာသုံးတဲ့ ဟီလီယမ်ဓာတ်ငွေ့ စီးဆင်းမှု ပြတ်တောက်တာဟာ ကြီးမားတဲ့ နည်းပညာပြဿနာဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။
ဒါဟာ ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသစခန်းမှာ အရင်က ဟိုက်ဒရိုဂျင်ယိုစိမ့်မှုတွေကို ပြင်ဆင်ပြီးမှ ဒုတိယအကြိမ် စမ်းသပ်ခဲ့တာပါ။
လောင်စာဂါလန် ၇၃၀,၀၀၀ ကျော် ဖြည့်တင်းပြီး အောင်မြင်ခါနီးဖြစ်ခဲ့ပေမဲ့ အခုလို အဆင်မပြေမှု ဖြစ်ခဲ့တာပါ။
နာဆာအကြီးအကဲ ဂျရက်ဒ် အိုင်ဆက်မန်းက “နီးလ်အမ်းစထရောင်းတောင် လပေါ်မရောက်ခင် ၁၉၆၆ ခုနှစ် Gemini-8 မစ်ရှင်မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ကြုံခဲ့ရဖူးပါတယ်။ အာကာသခရီးစဉ်တွေမှာ အခုလို အဆင်မပြေမှုတွေ ရှိတတ်စမြဲပါ” လို့ ပြောပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လကို လူစေလွှတ်မဲ့ Artemis-II စီမံကိန်းမှာ အာကာသယာဉ်မှူး ၄ ယောက်ဟာ လရဲ့ ကမ္ဘာနဲ့ ဆန့်ကျင်ဘက်အခြမ်းကို ၁၀ ရက်ကြာ သွားရောက်ကြမှာ ဖြစ်ပါတယ်။
ဒါဟာ အောင်မြင်မယ်ဆိုရင် အာကာသထဲမှာ လူသားမျိုးနွယ်က အဝေးဆုံးသွားနိုင်တဲ့ ခရီးစဉ် ဖြစ်လာမှာပါ။
ဒီခရီးစဉ် အောင်မြင်ပြီးမှ ၂၀၂၈ ခုနှစ်မှာ Artemis-III မစ်ရှင်အဖြစ် လပေါ်ကို လူသားတွေ ပြန်လည်ဆင်းသက်ဖို့ မှန်းထားပေမဲ့ အချိန်ကာလအရ ရည်မှန်းချက်ကြီးလွန်းရာ ရောက်နေတယ်လို့ သုံးသပ်ထားပါတယ်။
Source: Reuters










