
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်ရှိ ရွာတရွာကို လက်နက်ကိုင်အမျိုးသားတွေက တိုက်ခိုက်ခဲ့လို့ လူအယောက် ၅၀ ထက်မနည်း သေဆုံးပြီး အမျိုးသမီးနဲ့ ကလေးတွေ အများအပြား ပြန်ပေးဆွဲခံရတယ်လို့ ပြည်နယ်လွှတ်တော် အမတ်တယောက်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၅ နာရီလောက်ကနေ နောက်နေ့မနက် ၃ နာရီခွဲလောက်အထိ တွန်ဂံဒူစီရွာကို ဝင်စီးရင်း အဆောက်အအုံတွေကို မီးရှို့ပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ ဒေသခံတွေကို ပစ်ခတ်ခဲ့တယ်လို့ ဘွတ်ခုယွန်တောင်ပိုင်းစီရင်စု ကိုယ်စားပြု လွှတ်တော်အမတ် ဟာမီစ်အေဖာရူက ပြောပါတယ်။
ရိုးရာခေါင်းဆောင်တွေနဲ့ ဒေသဆိုင်ရာ အစိုးရအရာရှိတွေက ပျောက်ဆုံးနေသူတွေကို စာရင်းပြုစုနေဆဲပါ။ ဇမ်ဖာရာပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးဖို့ ဖုန်းခေါ်တာကို မတုံ့ပြန်ခဲ့ပါဘူး။
တိုက်ခိုက်မှု မဖြစ်ခင် တရက်အလိုမှာ ဒေသခံတွေဟာ လက်နက်ကိုင်အမျိုးသားတွေ စီးလာတဲ့ မော်တော်ဆိုင်ကယ် ၁၅၀ ကျော်ကို တွေ့ချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်ခဲ့ကြပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ မလုံခြုံမှုက အရေးတကြီး စိုးရိမ်စရာဖြစ်ပြီး အစိုးရက တည်ငြိမ်မှုကို ပြန်ထူထောင်ဖို့ ဖိအားတွေ တိုးနေပါတယ်။
အသက်ဆုံးရှုံးစေတဲ့ တိုက်ခိုက်မှုတွေ၊ ငွေညှစ်ဖို့ ပြန်ပေးဆွဲမှုတွေနဲ့ နိုင်ငံတဝန်းက ရပ်ရွာတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ ဓားပြတွေကို အပြစ်တင်ထားတဲ့ တိုက်ခိုက်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
Photo: Reuters










