
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်မှာ ဖေဖော်ဝါရီ ၂၀ ရက် မနေ့ ည ၉ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး စစ်တပ်က လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ရဲ့ အမြီးပိုင်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ညအချိန် လေဆိပ်ဘက်မှာ ပေါက်ကွဲသံကြားခဲ့ရပြီး မကြာခင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် စစ်ဆေးမှုတွေခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ပေါက်ကွဲသံက ကြောက်စရာကြီး အကျယ်ကြီးပဲ။ စစ်တပ်ကတော့ ဒရုန်းနဲ့ပစ်ခတ်ခံရတာလို့ ပြောတယ်။။ သူတို့အခုစစ်နေတယ်။ အဲဒီလေယာဉ်ကလည်း ညပိုင်းမှထွက်ဖို့ လုပ်ထားတာ။ ထိခိုက်ဘာညာတော့ မကြားမိသေးဘူး။ အခုတော့ လေဆိပ်ကို ပိတ်ထားတယ်။”
မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ပိုင် ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ် တစင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက FPV suicide drone နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုမှာ လေယာဉ် ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနဲ့ နောက်မြီးပိုင်းတို့မှာ ဗုံးစထိမှန် အနည်းငယ်ပျက်စီးခဲ့ပေမဲ့ ခရီးသွားပြည်သူတွေနဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိဘူးလို့ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မြစ်ကြီးနားမြို့ရှိ လေဆိပ်ကို FPV Suicide Drone နဲ့ တိုက်ခိုက်တာ ခံခဲ့ရပါသေးတယ်။
မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ထဲမှာ တည်ရှိပြီး လက်ရှိကာလမှာ လုံခြုံရေးအခြေအနေ တင်းမာနေတဲ့ ဒေသတခု ဖြစ်ပါတယ်။











