
မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က လေယာဉ်တစီး မန္တလေးလေဆိပ်မှာ ရန်ကုန်သွားဖို့ အတက် ဘီးပေါက်ပြီး တာယာမီးလောင်ခဲ့တာနဲ့ ပတ်သက်လို့ ဒီကနေ့ မေ ၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
MNA လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာတော့ မေ ၆ ရက်နေ့က ခရီးစဉ် UB–812 ကို Boeing XY-ALV နဲ့ မန္တလေးကနေ ရန်ကုန်ကို ထွက်ခွာပျံသန်းဖို့ လုပ်ဆောင်နေတုန်း လေယာဉ်ပြေးလမ်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ အချက်ပြမှုတွေ ဖြစ်လာတဲ့အတွက် လေယာဉ်မှူးက ပြေးလမ်းပေါ်မှာ ပျံသန်းမှု ရပ်တန့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ပျံသန်းမှု ရပ်တန့်ခဲ့တဲ့အချိန်မှာ လေယာဉ် Brake စနစ် ပူပြင်းမှုကြောင့် လေယာဉ်ရဲ့ ဘယ်ဘက် တာယာတွေ ပွင့်ထွက်လွင့်စဉ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့တဲ့အတွက် အချိန်မီ မီးသတ်နိုင်ခဲ့တယ်လို့လည်း MNA လေကြောင်းလိုင်းက ဆိုပါတယ်။
ကျန်ရှိနေတဲ့ လေယာဉ်ဘီးတွေ ကောင်းမွန်ပြီး လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက်ထိပ်မှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြေးလမ်းပေါ်မှာ ရပ်တန့်နိုင်ခဲ့ပြီး လေယာဉ်ပေါ်မှာ ပါရှိတဲ့ လေယာဉ်အမှုထမ်းတွေ လိုက်နာကျင့်သုံးရတဲ့ Safety Operating Procedure တွေအတိုင်း ပြုလုပ်ခဲ့သလို ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ အားလုံးထိခိုက်မှု တစုံတရာမရှိဘဲ ဘေးကင်းလုံခြုံစွာနဲ့ လေဆိပ်နားနေဆောင်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
မေ ၆ ရက်က ဒီဖြစ်စဉ် ဖြစ်ပေါ်နေခဲ့ချိန်မှာ MNA လေယာဉ်ဝန်ထမ်းတွေက Emergency တံခါးပေး မဖွင့်ပေးခဲ့တဲ့အတွက် လေယာဉ်ပေါ်က ခရီးသည်တွေအနေနဲ့ မကျေနပ်ကြောင်း၊ ဝေဖန်သံတွေ လက်ရှိမှာ ထွက်ပေါ်နေပါတယ်။
လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာတော့ အရေးပေါ် ထွက်ပေါက် မဖွင့်ပေးခဲ့တဲ့အကြောင်းကို ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။