DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ဒေသများသို့ MNA လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲမည်
DVB
·
April 23, 2026
Photo: MNA
Photo: MNA
Donate to DVB

မြန်မာအမျိုးသားလေကြောင်း (MNA) က လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ ဒေသ​တွေကို ဧပြီ ၂၄ ရက်က စတင်ပြီး လေကြောင်းခရီးစဉ်အသစ် တိုးချဲ့ပြေးဆွဲသွားမယ်လို့ စစ်​အာဏာရှင် လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဒါပေမဲ့ ​လေယာဥ်လက်မှတ် ဝယ်ယူရာမှာ ထောက်ခံစာ လိုအပ်သလို ​လေဆိပ်မှာလည်း ​ထောက်ခံစာ ပြရမယ်လို့ သိရပါတယ်။

လက်မှတ်အ​ရောင်း​ကိုယ်စားလှယ်တယောက်က “လေယာဥ်လက်မှတ်ကို တရက်ကြိုတင် ​ရောင်း​ပေးပါတယ်။ ဒါ​ပေမဲ့ ​​ထောက်ခံစာလိုပါတယ်။ ဘာ​ကြောင့်သွားတယ်၊ လာလဲ ဆိုတာကို​ပေါ့။ သတ်မှတ်ထားတဲ့ မှတ်ပုံတင်မျဥ်း​စောင်း​တွေကို​တော့ မ​ရောင်း​ပေးပါဘူး” လို့ ​ပြောပါတယ်။

ခရီးစဉ်အသစ်တွေအရ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်နဲ့ ကျောက်ဖြူမြို့တွေကို တပတ် ၃ ရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်လေဆိပ်ကို အခြေပြုပြီး ထားဝယ်၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့တွေကိုလည်း တပတ် ၆ ရက် ပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ်။

တိုးချဲ့ပြေးဆွဲမဲ့ လေကြောင်းခရီးစဉ် အသေးစိတ်အချက်အလက်တွေနဲ့ လေယာဉ်လက်မှတ် ဝယ်ယူတာကို မြန်မာအမျိုးသားလေကြောင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှတဆင့် ကြည့်ရှုနိုင်ပြီး ဒေသအသီးသီးရှိ လက်မှတ်အရောင်းကိုယ်စားလှယ်များထံမှာလည်း ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်လေယာဉ်ကွင်းကိုလည်း စစ်အာဏာရှင် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ မြန်မာလေကြောင်းလိုင်းက တာဝန်ရှိသူတွေ အခုလအတွင်း စမ်းသပ်စစ်ဆေးပြီးနောက် လေယာဉ်ငယ်တွေနဲ့ ဧပြီ ၂၄ ရက်ကစပြီး တပတ်ကို တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ ၃ ရက်နှုန်းနဲ့ ပြေးဆွဲသွားမယ်လို့ မြန်မာ့လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

လက်ရှိ လေယာဉ်ခနှုန်းတွေက လူတယောက်ကို ရန်ကုန်-မာန်အောင် ၆၃၀,၀၀၀ ကျပ် ပေါက်ဈေး ရှိနေတယ်လို့လည်း မာန်အောင်မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “မာန်အောင်ကို လေကြောင်းကနေ ပြန်လည်ပြေးဆွဲနိုင်ဖို့ ဒီရက်ပိုင်းမှာ ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာ ရှိတယ်။ ကနဦးတော့ လေယာဉ်ငယ်တွေနဲ့ ပြေးဆွဲမှုတွေ ပြုလုပ်မယ်လို့ သိရတယ်။ လမ်းကြောင်းတွေ ဖြတ်တောက်ခံထားရချိန်မှာ လေကြောင်း လမ်းကြောင်း တခု ပွင့်လာမယ်ဆိုတော့ မြို့နယ်က ဒေသခံတွေအတွက် အများကြီး ကောင်းသွား တာပေါ့။ လူနာတွေ ဆေးကုဖို့ကအစ အလွယ်တကူ သွားလာလို့ ရနိုင်တော့မယ်” လို့ ပြောပါတယ်။

မာန်အောင်မြို့နယ်ဟာ ပင်လယ်ကျွန်းမြို့ဖြစ်တာကြောင့် ရခိုင်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်‌ကောင်စီက သွားလာခွင့်တွေ တင်းကျပ် ပိတ်ပင်ထားတာပါ။

မာန်အောင်ဒေသခံတွေဟာ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ပို့ဆောင်တဲ့ ရိက္ခာသင်္ဘောတွေ ရောက်ရှိ လာပြီးမှ ရန်ကုန်ဘက်ကို လိုက်ပါကြရတာဖြစ်ပြီး ရိက္ခာသင်္ဘောတွေဟာလည်း လနဲ့ချီပြီးမှ တခါလောက် ရောက်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

မာန်အောင်ကျွန်းဟာ ရခိုင်ပြည်က တခြားမြို့နယ်တွေနဲ့ ကုန်းမြေထိစပ်မှု လုံးဝမရှိတာကြောင့် စစ်တပ် ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေလည်း တစုံတရာ မရှိသေးတာလည်း ဖြစ်ပါတယ်။

မာန်အောင်မြို့နယ်ကို လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲနိုင်ဖို့ အတုအယောင် ရွေးကောက်ပွဲနဲ့ အမတ်ဖြစ်လာကြတဲ့ ရခိုင်တိုင်းရင်းသားပါတီက အမတ်တွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ အဆိုပြုခဲ့ကြပြီးနောက် အခုလို ပြေးဆွဲဖို့ စီစဉ်မှုတွေ ဖြစ်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

မာန်အောင်မြို့ခံ အမျိုးသားတယောက်က  “မာန်အောင်က ခရီးသွားလာခွင့်နဲ့ ကုန်စည်ပို့ဆောင်ရေး ပိတ်ဆို့ခံထားရတာ ၃ နှစ်နီးပါး ရှိလာနေပြီ။ ဒီကလူတွေ တခြားမြို့နယ်နဲ့ ပြည်မတွေကို ခရီးသွားဖို့ဆိုတာ အတော်လေးကို ခက်ခဲတဲ့ အနေအထားမှာ ရှိတာ။ အခု လေကြောင်းလမ်းတခု ရှိလာရင်တော့ အတိုင်းအတာတခုအထိ ခရီးသွားလာခွင့်နဲ့ ကုန်စည်စီးဆင်းခွင့် ရရှိလာမယ်လို့ မျှော်လင့်တာပေါ့။ လမ်းမရှိဘဲ ပိတ်ဆို့ခံထားရတာထက်စာရင် လမ်းကြောင်းတခု ပွင့်လာတာကို တော့ ကြိုဆိုရမှာဖြစ်တယ်” လို့ ပြောပါတယ်။

မာန်အောင်လေဆိပ်ကို အရင်က လေယာဉ်အငယ်တွေ ပြေးဆွဲမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း စစ်တပ် က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက လေကြောင်းပြေးဆွဲမှုကို ရပ်တန့်ထားတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013