DVB Logo
Home
မြန်မာသတင်း
ဖားကန့်၌ ရေကြီး မြေပြိုပြီး အမျိုးသား ၁ ဦးသေဆုံး၊ မိုးကောင်း၌ ရေဘေးကူညီရေး ဆက်လုပ်နေ
ဇွဲသစ်
·
June 22, 2026
ရေကြီးနေသည့် မိုးကောင်းမြို့တွင် ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်။ (Photo: မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)
ရေကြီးနေသည့် မိုးကောင်းမြို့တွင် ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်။ (Photo: မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဇွန် ၂၁ ရက်က ရေကြီးနေချိန် မြေပြိုကျမှုကြောင့် အမျိုးသားတယောက် သေဆုံးပြီး မိုးကောင်းမြို့မှာလည်း ချောင်းရေကြီးလို့ ရေဘေး ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဖားကန့်မြို့မှာ ဇွန် ၁၄ ရက်ကစလို့ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် တောင်ကျရေနဲ့ ချောင်းရေ ကြီးနေပြီး ဇွန် ၂၁ ရက်မှာ ရေကြီး မြေပြိုတာကြောင့် လူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၁ ရက် မနက်ပိုင်းက ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်က နေအိမ်တလုံးပေါ်ကို အိမ်နောက်ဘက်က တောင်မြေပြိုကျခဲ့တာကြောင့် အိမ်ထဲမှာ နေထိုင်နေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားဟာ ပျောက်ဆုံးရာကနေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဖားကန့်မြို့မှာ ဥရုချောင်းရေ မြင့်တက်နေဆဲဖြစ်ပြီး မြို့မ၊ မှော်ဝမ်း၊ ငှက်ပျောတော၊ မရှီကထောင်နဲ့ အေးမြသာယာ ရပ်ကွက်တွေမှာ နေအိမ်တွေအတွင်း ရေဝင်ရောက်နေဆဲ ဖြစ်ပါတယ်။ ရပ်ကွက်တခုနဲ့တခု သွားလာရေး ခက်ခဲသလို ရှာဖွေကယ်ဆယ်ရေးလည်း အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသခံတယောက်က “မြို့ပေါ် ၅ ရပ်ကွက်လုံး ရေဝင်ထားတာပေါ့။ သွားရေးလာရေးလည်း တရပ်ကွက်နဲ့ တရပ်ကွက် ပြတ်တောက်တဲ့ အနေအထား ဖြစ်နေတာပေါ့။ အေးမြသာယာ ရပ်ကွက်က နေအိမ်တခု အနောက်က မြေသားပြိုပြီး နေအိမ်ပေါ် ပိတာ၊ အဲဒီမှာ အသက် ၅၀ ကျော် အမျိုးသားတဦး နေထိုင်တယ်။ သူ ပျောက်ဆုံးနေတယ်။ ပျောက်ဆုံးနေတယ်ဆိုတာ လက်ရှိ ရေဘေးကြောင့် တခြားတနေရာရောက်ပြီး ပြန်မလာတာလား၊ ဒီလိုမျိုးတော့ တွေးဆတယ်။ ဒါပေမဲ့ သူ့အိမ်ကလည်း မြေပြိုတယ်။ သူကလည်း ပျောက်နေတယ်။ သူ့ မှတ်ပုံတင်၊ ဖုန်းနဲ့ ဆိုင်ကယ်ကလည်း အိမ်မှာရှိနေတယ်။ မြေပြိုတဲ့ထဲ ပါတယ်လို့ ယူဆပြီး ရှာဖွေနေတယ်။ သွားရေးလာရေးကလည်း ရေဘေးဖြစ်နေတော့ ရှာဖွေရေး အခက်အခဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဇွန် ၁၆ ရက်ကလည်း ဖားကန့်မြို့၊ ကုဋေမှော်ရွာအနီးမှာ တောင်ကျရေကြောင့် လူတယောက် ရေစီးနဲ့ မျောပါ သေဆုံးခဲ့ပါတယ်။

ရေဘေးကာလ အချိန်ကြာလာရင် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှု အပါအဝင် ကျန်းမာရေးပြဿနာတွေ ပိုမိုကြုံလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဖားကန့်ဒေသခံက “စိုးရိမ်မှုကတော့ ကြန့်ကြာလာရင် ခက်ခဲလာမဲ့ အနေအထားပေါ့။ စားရေးသောက်ရေး ခက်ခဲလာမယ်။ အချိန်ကြာလာရင်တော့ ကျန်းမာရေး ခက်ခဲလာမယ်။ အဓိကတော့ စားရေးသောက်ရေးပေါ့။ ရပ်ကွက် ၅ ခုလုံး ရေဝင်တယ်။ တရပ်ကွက်နဲ့ တရပ်ကွက် သွားလာရေးက ပြတ်တောက်တဲ့ အနေထားဆိုတော့ ဘာမှလည်း လုပ်စားမရ၊ ချက်ပြုတ်လို့လည်း အဆင်မပြေ၊ ဒီအနေအထား ဖြစ်တာပေါ့။ ဖားကန့်က တောင်ပေါ်ဆိုတော့ ချက်ပြုတ်ဖို့ဆိုလည်း ရေနောက်နောက် ချောင်းရေဆိုတော့ ချက်ပြုတ်ဖို့ အဆင်မပြေ၊ ရေသန့်လည်း မရ၊ ရေမရဆိုတော့။ လျှပ်စစ်မီးလည်း ပုံမှန်မလာတော့ အဆင်မပြေဖြစ်တာပေါ့” လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြို့ပေါ်ရပ်ကွက် အများအပြား ရေဝင်ရောက်နေပြီး လူမှုကူညီရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေက ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေရပါတယ်။

မြို့ဦး၊ ဈေးကုန်း၊ အိုးတန်း၊ ကျွန်းတောနဲ့ အထက်ရှမ်းစု အပါအဝင် ရပ်ကွက်တွေမှာ ရေကြီးနေပြီး ရေဘေးသင့်ပြည်သူတွေ ခိုလှုံဖို့ သာသနာ့ဗိမာန်၊ ဓမ္မာရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မိုးကောင်းမြို့ ဒေသခံတယောက်က “အရမ်းနစ်တဲ့ အပိုင်းတွေကိုတော့ ကူညီကယ်ဆယ်ရေးတွေက ကယ်ဆယ်ပေးနေကြတယ်၊ ရေစတက်ကတည်းကပေါ့။ အထူးသဖြင့်တော့ ကျမတို့ ရင်ငြိမ်းပန်း ဆရာတော် အဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်။ မီးကတော့ ရေမြှုပ်ထားတဲ့ အပိုင်းတွေကို မီးမပေးဘူး။ ရေ အရမ်းမမြုပ်တဲ့ အပိုင်းတွေ မီးရတယ်။ ကျမတို့ကတော့ ကိုယ့်အရှေ့ဘက်မှာ ရေက အရမ်းမမြုပ်ဘူး။ မီတာဘောက်တွေထဲ မမြုပ်ဘူးဆိုပေမဲ့ ကျမတို့ အနောက်ရပ်ကွက်လိုင်းကနေ ယူထားတော့ မီးမလာဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိ ရာသီဥတု အခြေအနေအရ ကချင်ပြည်နယ် အပါအဝင် ဒေသတချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်သေးတယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပြီး ရေဘေးနဲ့ မြေပြိုမှုအန္တရာယ်ကို ဆက်လက် သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။

မြေနိမ့်ပိုင်းရပ်ကွက် နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013