
လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဟာသသဘောနဲ့ ရေးသားတာကြောင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရတဲ့ အစားအသောက်ရောင်းချသူ ဦးကြည်ရဲ့ ကျန်းမာရေးအခြေအနေကို မိသားစုနဲ့ မိတ်ဆွေတွေက စိတ်ပူနေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဇွန် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေက ဦးကြည်ကို ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့ကြပြီးနောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ဦးကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း အာဏာရှင်စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပြီး ၂ နှစ်ကြာ ထောင်တွင်းနေခဲ့ရသူ ဖြစ်တာကြောင့် မိသားစုနဲ့ မိတ်ဆွေတွေက သူ့ရဲ့ ထောင်တွင်းကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်နေကြတယ်လို့ Amnesty International က ဆိုပါတယ်။
စစ်အာဏာရှင်အစိုးရဟာ အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်သူတွေအပြင် လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်မှုတွေကိုပါ စစ်လော်ဘီအကောင့်တွေရဲ့ စောင့်ကြည့်မှုကတဆင့် တောက်လျှောက်ဖမ်းဆီးပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ လူပေါင်း ၃၁,၀၀၀ ကျော်ကို စစ်အာဏာရှင်က ဖမ်းဆီးခဲ့ပြီး ၁၄,၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ အကျဉ်းထောင်တွင်းမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။










