DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်၌ ပြည်သူ့စစ်  ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
February 20, 2026
ငဖဲမြို့နယ်၌ ပြည်သူ့စစ်  ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖေါ်ဝါရီ ၁၄ ရက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင် ပူးပေါင်းလာကြတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF Asho) ဆီကနေ သိရပါတယ်။

CDF Asho ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “သူတို့ ၃ ယောက်လုံးဟာ စစ်မှုထမ်းတပ်သားအဖြစ် ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းနေကြရသူတွေပါ။ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ပဇီကျေးရွာနားက ၇ မိုင်ကုန်းစစ်တပ်စခန်းမှာ တာဝန်ကျနေပြီးတော့မှ အလင်းဝင်ချင်ကြလို့ ငဖဲမြို့နယ် ပကဖ ဆီကို အရင်ဦးစွာ ဆက်သွယ်လာကြတာပါ။ ငဖဲမြို့နယ် ပကဖ က သူတို့ကိုခေါ်ထုတ်ပေးဖို့ ကျနော်တို့ဆီကို တဆင့် အကူအညီတောင်းခဲ့တာကြောင့် သွားရောက်ခေါ်ထုတ်လာရတာ။ အခုလောလောဆယ်တော့ သူတို့တွေ ကျနော်တို့ဆီမှာနေနေကြပြီးတော့ သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်ခွင့်ပေးထားပါတယ်။ သူတို့ရဲ့တောင်းဆိုမှုတွေကြောင့် လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်”လို့  ပြောပါတယ်။

အလင်းဝင်လာသူတွေဟာ တပ်သား သန့်ဇင်ဝင်း (ပစ-၁၇၇၅၇၅)၊ တပ်သား ဟိန်းထက်အောင် (ပစ-၁၇၇၇၀၁) နဲ့ တပ်သား သဲဇော်အောင် (ပစ-၁၄၄၈၃၄) တို့ဖြစ်ပြီး သူတို့နဲ့အတူ MA2 သေနတ် ၁ လက်၊ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၀ ခု၊ ကျည်ကာအင်္ကျီ ၃ ထည်နဲ့ ကျည်ဆန်တချို့ပါ ယူလာပါတယ်။

အလင်းဝင်တပ်သား ကိုသန့်ဇင်ဝင်းက “အခုလို အလင်းဝင်ရတဲ့အကြောင်းအရင်းကတော့ဗျာ စစ်တပ်ထဲမှာ ကျနော်တို့ကို ကြီးနိုင်ငယ်ညှဉ်း လုပ်တာမျိုးတွေရှိတယ်။ ပြီးတော့ လစာလည်း အပြည့်အဝထုတ်ပေးတာ မရှိတဲ့အပြင် ကျနော်တို့လက်ထဲမှာလည်း ငွေသားကိုင်ဆောင်ခွင့် မပေးဘူး။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း အဆင်မပြေဘူး။ အဲဒိကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တွေဒီဘက်ကို ဘက်ပြောင်းလာကြတာ” လို့ ​ပြောပါတယ်။

တပ်သား သန့်ဇင်ဝင်း ပါအဝင် အခုပူးပေါင်းလာကြသူ ၃ ယောက်ဟာ စစ်ကိုင်းတိုင်းအတွင်းက အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်တွေထဲကဖြစ်ကြပြီး အလုပ်ကနေပြန်လာတဲ့အချိန် စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတာခံခဲ့ကြရတာပါ။

ဒီနောက် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ စစ်သင်တန်းအပါတ်စဥ် ၁၆ တက်ရောက်ခဲ့ရသလို မိုင်းပန်မြို့အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမရ ၅၂၀ မှာ တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် ငဖဲမြို့နယ်ထဲက ပဇီကျေးရွာနားမှာရှိတဲ့ ၇ မိုင်ကုန်းစစ်တပ်စခန်းကို ပို့ဆောင်ခံခဲ့ရတာလို့ သူကဆက်ပြောပါတယ်။

ငဖဲမြို့နယ်မှာရှိကြတဲ့ စစ်ကောင်စီတပ်လက်အောက်တွေမှာ အကြောင်းအမျိုးနဲ့ တာဝန်ထမ်းဆောင်နေကြရသူတွေအနေနဲ့လည်း အမြန်ဆုံးချိတ်ဆက်လာရောက်ပူးပေါင်းကြဖို့နဲ့ အလင်းဝင်ရောက်လာကြသူတွေရဲ့ အသက်အန္တရာယ်ကို လုံးဝတာဝန်ယူတယ်လို့လည်း CDF Asho ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013