
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆီအဲရား နဗားဒါး တောင်တန်းတွေမှာ ဆီးနှင်းတောင်ထု ပြိုကျမှုကြောင့် နှင်းလျှောစီးသူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေဆဲ ၉ ယောက်မြောက် ပုဂ္ဂိုလ်လည်း သေဆုံးပြီလို့ ယူဆရကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
ဆီအဲရား တောင်တန်းမြင့်ပေါ်မှာ ပေအနည်းငယ်လောက်အထိ ဆီးနှင်းတွေ ကျဆင်းစေခဲ့တဲ့ ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းအကြားမှာ ဒီဘေးအန္တရာယ်ဟာ အမေရိကန်နိုင်ငံရဲ့ ရာဇဝင်မှာ လူအသေအပျောက် အများဆုံး နှင်းလျှောစီးမှု ဖြစ်လာပါတယ်။
အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်က တာဟိုးရေကန်ရဲ့ မြောက်ဘက် ၁၀ မိုင်လောက်အကွာရှိ ထရပ်ကီးမြို့အနီး ကက်ဆဲလ်ပိခ် ဧရိယာမှာ ဆီးနှင်းထုပြိုမှု စတင်ဖြစ်ပွားခဲ့တာပါ။
အာဏာပိုင်တွေ အပြောအရ ဘောလုံးကွင်းတကွင်းစာလောက် ရှည်လျားတဲ့ ဆီးနှင်းထုဟာ ၃ ရက်ကြာ ခရီးစဉ်ကို လုပ်ဆောင်နေတဲ့ ရှိဘက်ကောင်တီ နှင်းလျှောစီးအုပ်စုကို ဖုံးလွှမ်းသွားခဲ့ပါတယ်။
နဗားဒါးကောင်တီ အုပ်ချုပ်ရေးမှူးရုံး အဆိုအရ ဘိုရီးယဲလ်တောင် နှင်းလျှောစီးစခန်းနဲ့ တာဟိုး ဒွန်နာ အာလ်ဒါ ချောင်း စွန့်စားရေးစင်တာတို့က လူအင်အား ၅၀ လောက်ပါဝင်တဲ့ ကယ်ဆယ်ရေး အဖွဲ့ ၂ ဖွဲ့ကို စေလွှတ်ခဲ့ပြီး တောင်ဘက်နဲ့ မြောက်ဘက်မှ နှင်းထုပြိုကျမှုဇုန်ကို ချဉ်းကပ်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မုန်တိုင်းပြင်းထန်ပြီး မြင်ကွင်းမကြည်လင်တဲ့ အခြေအနေတွေ ကြားမှာပဲ အသက်ရှင်ကျန်ရစ်သူ ၆ ယောက်ကို နာရီအတော်ကြာ ကြိုးပမ်းပြီး ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သူတို့ဟာ တာပေါ်လင်စတွေနဲ့ လုပ်ထားတဲ့ ယာယီတဲမှာ ခိုလှုံနေခဲ့ကြပြီး ရေဒီယိုနဲ့ စာတိုပေးပို့စနစ်တွေ သုံးပြီး အပြင်လောကကို ဆက်သွယ်နိုင်ခဲ့ကြတာပါ။
ကယ်ဆယ်ရရှိသူတွေထဲက တချို့ကို ဆေးရုံပို့ပေးထားပေမဲ့ စိုးရိမ်ရတဲ့အခြေအနေ မရှိကြောင်း သိရပါတယ်။
သေဆုံးသူ ၈ ယောက်ရဲ့ ရုပ်အလောင်းတွေကို သူတို့ဝတ်ဆင်ထားတဲ့ အချက်ပေး ကိရိယာတွေကတဆင့် ရှာဖွေတွေ့ရှိခဲ့ပေမဲ့လည်း ရာသီဥတုဆိုးရွားမှုကြောင့် ရုပ်အလောင်း ပြန်လည်ထုတ်ယူရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားရဆဲ ဖြစ်ပါတယ်။
ရာသီဥတုအခြေအနေ ကောင်းမွန်လာချိန်မှာ ပြန်သယ်ယူမယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
Source: Reuters











