
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့က အကြီးဆုံးဗလီကြီးမှာ မေ ၁၈ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးဝန်ထမ်းတယောက် အပါအဝင် အမျိုးသား ၃ ယောက် သေဆုံးခဲ့ပါတယ်။
အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ် သံသယရှိသူ ဆယ်ကျော်သက် ၂ ယောက်ကိုလည်း အခင်းဖြစ်ပွားရာ အနီးက ကားတစီးပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ထားတဲ့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုကို အမုန်းတရားအခြေခံတဲ့ ရာဇဝတ်မှုအဖြစ် စုံစမ်းနေတယ်လို့ ဆန်ဒီယေးဂိုး ရဲမှူး စကော့ဝေါလ်က ပြောပါတယ်။
“လုံခြုံရေးဝန်ထမ်းရဲ့ လုပ်ရပ်တွေဟာ သူရဲကောင်းဆန်ပြီး ဒီနေ့မှာ လူ့အသက်တွေကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောရင် မှန်ကန်ပါလိမ့်မယ်” လို့ သေဆုံးသွားတဲ့ ဝန်ထမ်းနဲ့ပတ်သက်ပြီး ရဲမှူးက ပြောပါတယ်။
သံသယရှိသူတယောက်ရဲ့ မိခင်ဟာ ပစ်ခတ်မှုမဖြစ်ခင် ၂ နာရီလောက်ကတည်းက သူ့သား ပျောက်နေကြောင်း ရဲကို အကြောင်းကြားခဲ့တာပါ။ သားဖြစ်သူဟာ သေနတ် ၃ လက်နဲ့ ကားကိုပါ ယူသွားတယ်လို့ သူက ဆိုပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ဗလီကျောင်းဝင်းထဲက စာသင်ကျောင်းမှာရှိနေတဲ့ ကလေးငယ်တွေ အားလုံးကတော့ ဘေးကင်းကြပါတယ်။
ဝတ်ပြုရာနေရာကို အခုလို ပစ်မှတ်ထား တိုက်ခိုက်တာဟာ အင်မတန် ဆိုးရွားတယ်လို့ ဗလီရဲ့ အီမန်ရှင် တာဟာဟက်ဆိန်းက မှတ်ချက်ပေးပါတယ်။
လက်ရှိမှာတော့ ဒီဖြစ်စဉ်အတွက် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဒေသခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးနေပါတယ်။
Source: Reuters











