အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့အနီးက ဟန်တင်တန် ရုက္ခဗေဒဥယျာဉ်မှာ ဇူလိုင် ၁၃ ရက်က ရှားပါး အလောင်းကောင်ပန်း ၂ ပွင့် တပြိုင်တည်း ပွင့်လာပါတယ်။
ဒီလို တပြိုင်တည်းပွင့်တာဟာ အင်မတန်ရှားတဲ့အတွက် လာရောက်လေ့လာသူတွေလည်း စုပြုံ ရောက်ရှိခဲ့ပါတယ်။
တိုက်တန် အာရမ်လို့ ခေါ်တဲ့ ဒီအပင်တွေဟာ ပွင့်ချိန်မှာ ဆိုးရွားတဲ့ အနံ့အသက် ထွက်တာကြောင့် အလောင်းကောင်ပန်းလို့ လူသိများတာပါ။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း မူရင်းဒေသဖြစ်တဲ့ ဒီပန်းတွေဟာ ၂ နှစ် ဒါမှမဟုတ် ၃ နှစ်နေမှ တကြိမ်သာ ပွင့်လေ့ရှိပါတယ်။
ပန်းပွင့်ချိန်ဟာလည်း ၂၄ နာရီကနေ ၄၈ နာရီအထိသာ ကြာမြင့်တဲ့အတွက် အခုလို မြင်တွေ့ရဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။
အနံ့အသက် တကယ်ဆိုးရွားပေမဲ့ ဒီအနံ့ကနေတဆင့် ဝတ်မှုန်ကူးပေးမဲ့ ယင်ကောင်လို ပိုးမွှားတွေကို ဆွဲဆောင်တာ ဖြစ်တယ်လို့ သစ်ခွကျွမ်းကျင်ပညာရှင် အဲရစ် ဒီလီယွန်က ရှင်းပြပါတယ်။
ဒါ့အပြင် ဒီလိုရှားပါးပန်းပွင့်တာကို ကြည့်ဖို့အတွက် အလုပ်နားပြီး လာရောက်သူတွေတောင် ရှိတယ်လို့ အဲရစ်က ဆိုပါတယ်။
ဒီပန်းပွင့်တာကို ကြည့်ဖို့ နှစ်နဲ့ချီ စောင့်ဆိုင်းခဲ့ရတယ်ဆိုတဲ့ လာရောက်လေ့လာသူ ဘရန်ဒန် မူနော့ဇ် ကတော့ ပန်းရဲ့အနံ့ဟာ အမှိုက်ပုံကြီးနဲ့ တူတယ်လို့ မှတ်ချက်ပေးပါတယ်။
နောက်ထပ် လာရောက်သူတယောက်ဖြစ်တဲ့ ဂျနီဖာ ဟွမ်ကလည်း ဒီအနံ့ဟာ အကောင်ပုပ်စော် နံနေတယ်လို့ နှိုင်းယှဉ်သွားပါတယ်။
Source: Reuters










