
အမေရိကန်ပြည်ထောင်စုမှာ လာမဲ့ နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပွားခဲ့တဲ့ အဓိက မဲပေးမှုဆိုင်ရာ အငြင်းပွားမှုတခုမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့ကို အရေးနိမ့်စေခဲ့တဲ့ ဆုံးဖြတ်ချက်တခုကို အောက်တိုဘာ ၂၆ ရက်မှာ ချမှတ် လိုက်ပါတယ်။
နိုင်ငံသားမဟုတ်သူတွေ ဖြစ်နိုင်တယ်လို့ ဖက်ဒရယ်အစိုးရက စွပ်စွဲထားတဲ့ မဲဆန္ဒရှင် ၂၀,၀၀၀ ကျော်ရဲ့ စာတိုက်မဲတွေကို ကယ်လီဖိုးနီးယားပြည်နယ်က မရေတွက်အောင် တားဆီးပေးဖို့ ထရမ့်ပ် အစိုးရရဲ့ တောင်းဆိုချက်ကို ဆန်ဖရန်စစ္စကိုအခြေစိုက် အမှတ် ၉ အယူခံတရားရုံးက ပယ်ချခဲ့ တာပါ။
ကွန်ဂရက်လွှတ်တော်ကို ဆက်ထိန်းထားနိုင်ဖို့ ရီပတ်ဘလစ်ကန်တွေ ကြိုးစားနေချိန်မှာ တရားရုံး ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲအပေါ် ဖက်ဒရယ်အစိုးရရဲ့ စွက်ဖက်မှုကို တိုးမြှင့်ချင်တဲ့ ထရမ့်ပ် အတွက် နောက်ထပ် အရေးနိမ့်မှုတခု ဖြစ်ခဲ့တာပါ။
ပြည်နယ်ရဲ့ မူလပိုင်နက် လုပ်ပိုင်ခွင့်ကို ဖက်ဒရယ်တရားရုံးက လာညွှန်ကြားခိုင်းတာဟာ ပြည်နယ်ရဲ့ မူဝါဒတွေကို ရှုပ်ထွေးသွားစေပြီး မဲဆန္ဒရှင်တွေနဲ့ အရာရှိတွေကိုပါ အမိန့်နဲ့ အဓိပ္ပာယ်မဲ့ ဖြစ်စေ နိုင်တယ်လို့ တရားသူကြီး အများစုကလည်း သုံးသပ်ခဲ့ပါတယ်။
ဒီတရားစွဲဆိုမှုဟာ နိုင်ငံခြားသားတွေ မဲပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်နယ်တခုရဲ့ မဲတွေကို မရေတွက်ရအောင် ထရမ့်ပ်အစိုးရက ပထမဆုံးအကြိမ် ဝင်စွက်ဖက်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ စွပ်စွဲခံရသူ ၂၀,၀၀၀ ထဲက ဘယ်နှယောက်က စာတိုက်မဲ တကယ်ပို့ထားလဲ ဆိုတာကိုတော့ ရေးမထားပါဘူး။
တရားရေးဝန်ကြီးဌာနကတော့ အဲဒီ ၂၀,၀၀၀ ထဲမှာ တရားမဝင် မဲပေးမှုနဲ့ ရာဇဝတ်ကြောင်းအရ တရားစွဲခံထားရသူ ၂၈ ယောက် ပါတယ်လို့ အောက်တိုဘာ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။
ဒီမိုကရက်တစ် အားကောင်းပြီး အောက်လွှတ်တော် အမတ်နေရာ ၅၂ နေရာရှိတဲ့ ကယ်လီဖိုးနီးယား ဟာ ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုနဲ့ တရားမဝင် နေထိုင်သူတွေကို အကာအကွယ် ပေးထားတဲ့ “Sanctuary State” မူဝါဒတွေအပေါ် တိုက်ခိုက်မှုမှာ အဓိကပစ်မှတ် ဖြစ်ခဲ့ပါတယ်။
ပြည်နယ်ရဲ့ မူဝါဒတွေဟာ မဲမသမာမှုကို အားပေးတယ်လို့ ထရမ့်ပ်က စွပ်စွဲထားပေမဲ့ လေ့လာတွေ့ ရှိချက်တွေအရ နိုင်ငံခြားသားတွေ တရားမဝင် မဲပေးတာဟာ အလွန်ကို ရှားပါးပြီး စီမံခန့်ခွဲရေး အမှားတွေကြောင့်သာ ဖြစ်လေ့ရှိတာပါ။
တရားရေးဝန်ကြီးဌာနဟာ မဲတွေကို သီးခြားခွဲထားပြီး နိုင်ငံသားဖြစ်ကြောင်း အတည်မပြု နိုင်သေး သရွေ့ မရေတွက်ဖို့ လော့စ်အိန်ဂျလိစ် ဖက်ဒရယ်တရားရုံးမှာ တရားစွဲခဲ့တာပါ။
ဒါပေမဲ့ ကယ်လီဖိုးနီးယားကတော့ ဒါဟာ ယုံကြည်လို့မရတဲ့ အချက်အလက်တွေပေါ် အခြေခံ ထားပြီး ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေမဲ့ နိုင်ငံရေးပြကွက်တခုပဲလို့ ပြန်လည် ချေပ ခဲ့ပါတယ်။
လက်ရှိမှာ တရားရေးဝန်ကြီးဌာနဟာ မဲဆန္ဒရှင် စာရင်းအပြည့်အစုံ မပေးတဲ့ ပြည်နယ် ၃၀ နဲ့ ဝါရှင်တန်ဒီစီကို တရားစွဲထားပေမဲ့ တမှုမှ အနိုင်မရဘဲ ၂၆ မှုအထိ ရှုံးနိမ့်ထားပြီး ဖြစ်ပါတယ်။
Source: Reuters











