
ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမှာ ကျေးရွာ ၂ ရွာက အုပ်ချုပ်ရေးမှူး အပါအဝင် ၁၂ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၃ နာရီကျော်က စစ်တွေမြို့နယ်၊ သဲချောင်းလက်သမား မွတ်ဆလင်ကျေးရွာကို စရဖ တပ်ဖွဲ့ဝင် ၅ ယောက် ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အိလ်စမာန်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူ့ကို စရဖက ၅ ယောက်လာပြီး ရုံးကို ဖမ်းခေါ်သွားပါတယ်။ ဘာအတွက်ဖမ်းလဲ ဆိုတာ မသိရဘူး။ အခုချိန်ထိ မိသားစုနဲ့ အဆက်သွယ်မရဘူး။”
သဲချောင်းလက်သမားရွာက ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသွားပြီးနောက် တရက်တည်း ည နာရီကျော်မှာ သံတော်လိမ် မွတ်ဆလင်ကျေးရွာကို ရဲတပ်ရင်း ၃၆ က ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့် ကားနဲ့ရောက်လာပြီး အုပ်ချုပ်ရေးမှူး အပါ ၁၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတယောက်ကလည်း ပြောပါတယ်။
“ညဉ့်အချိန် အင်အားသုံးပြီး တခါတည်း ဝင်ဖမ်းသွားတာပါ။ ပြီးတော့ ကားကိုတင်ပြီး ယူသွားတယ်။ ရွာလူကြီးအပါ ၁၁ ယောက် ပါသွားတယ်။”
သံတော်လိမ်ကျေးရွာ အုပ်ချုပ်ရေးမှူး အော်ဇော်အာမစ် (၆၂ နှစ်) နဲ့ နော်ရိုလို့လ် (၇၀ နှစ်)၊ ဆော်ဒုံအာမစ် ၊ ဆာဒန့်ဟူစော (၂၀ နှစ်)၊ မောစလန်ဂိုလ်ရာ (၁၆ နှစ်) အပါ စုစုပေါင်း ၁၁ ယောက်ကို စစ်တွေမြို့မ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အပါ ၁၂ ယောက်ကို ဖမ်းဆီးသွားတဲ့နေ့ကစပြီး ဒီနေ့ထိ ၉ ရက်ကြာ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီ ၆ ရက်ကလည်း စစ်တွေမြို့နယ်ရှိ သဲချောင်းကျေးရွာ၊ ဒါးပိုင်ရွာဟောင်း၊ ချောင်းလက်သမားရွာနဲ့ ဆာမညှာရွာ စတဲ့ မွတ်ဆလင်ရွာ ၄ ရွာက ငွေကြေးချမ်းသာတဲ့ ဒေသခံပြည်သူ လုပ်ငန်းရှင် ၂၈ ယောက်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စွပ်စွဲကာ ဖမ်းဆီးထားတာလို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။










