DVB Logo
Home
နိုင်ငံတကာ
အီရတ်တွင် သံမဏိလိုအပ်ချက် ပြည့်မီရန် စစ်ပွဲကျန် သတ္တုအပိုင်းအစများကို ပြန်သုံးနေ
DVB
·
February 18, 2026
အီရတ်တွင် သံမဏိလိုအပ်ချက် ပြည့်မီရန် စစ်ပွဲကျန် သတ္တုအပိုင်းအစများကို ပြန်သုံးနေ
Donate to DVB

အီရတ်နိုင်ငံ၊ ဘာဆာရာမြို့က သံမဏိစက်ရုံတခုဟာ စစ်ဘက်အကြွင်းအကျန်တွေနဲ့ အရပ်ဘက် စွန့်ပစ်ပစ္စည်းတွေ အပါအဝင် သတ္တုအပိုင်းအစတွေကို ဆောက်လုပ်ရေးလုပ်ငန်းသုံး အားဖြည့် သံမဏိဘားတွေအဖြစ် ပြောင်းလဲ ထုတ်လုပ်နေပါတယ်။

ဒါဟာ အီရတ်မှာ သံမဏိ ပြည်တွင်းလိုအပ်ချက် တိုးနေတာကို ပြည့်မီအောင် ကူညီနေတာလို့ စက်ရုံအရာရှိတွေက ပြောပါတယ်။

ARG သံမဏိစက်ရုံထဲမှာ အလုပ်သမားတွေက စစ်ဘက် ယာဉ်အပျက်တွေနဲ့ တခြား သံတိုသံစတွေကို မီးပြင်းဖိုထဲမှာ အရည်မကျိုမီ ဖြတ်တောက်ပြီးနောက် အရည်ကျိုပြီးသား သံမဏိတွေကို နည်းပညာအဆင့်ဆင့်နဲ့ ပြုပြင်ကာ ဆောက်လုပ်ရေး လုပ်ငန်းမှာသုံးတဲ့ အားဖြည့်သံမဏိချောင်းတွေအဖြစ် ပုံသွင်းခဲ့ပါတယ်။

နိုင်ငံတဝန်းမှာ သံတိုသံစ ကောက်ယူစုဆောင်းသူတွေရဲ့ ကွန်ရက်က အရင်းအမြစ်မျိုးစုံက သံတိုသံစတွေနဲ့ စက်ရုံတွေကို ပံ့ပိုးနေပြီး အဲဒီအတွက် သံမဏိတတန်ကို အမေရိကန်ဒေါ်လာ ၁၇၅ ဒသမ ၅၅ ဒေါ်လာနဲ့ ညီမျှတဲ့ အီရတ် ဒီနာငွေ ၂၃၀,၀၀၀ လောက် ကုန်ကျတယ်လို့ ARG သံမဏိစက်ရုံက မန်နေဂျာ အာမဒ် အဗ်ဒူ လာတစ်ဖ်က ပြောပါတယ်။

စက်ရုံဟာ နေ့စဉ် သံမဏိအမှိုက်တန်ချိန် ၂,၀၀၀ လိုပေမဲ့ အီရတ်တဝန်း လည်ပတ်နေတဲ့ သံမဏိစက်ရုံ ၂၂ ရုံကျော်ကလည်း သံမဏိအမှိုက်တွေ လိုနေပြီး ARG ဟာ တနေ့မှာ တန်ချိန် ၁,၀၀၀ လောက်သာ ခွဲတမ်းရနေတာပါ။

ဒီသံမဏိအမှိုက်တွေကို နှစ်စဉ် ပြန်သုံးထားတဲ့ သံမဏိတန်ချိန် ၆ သိန်း ထုတ်လုပ်ဖို့ သုံးပြီး ဒါဟာ စက်ရုံရဲ့ အမြင့်ဆုံး ဒီဇိုင်းထုတ်ထားတဲ့ ထုတ်လုပ်မှုစွမ်းရည်ကို ထင်ဟပ်စေပါတယ်။

တပတ်ရစ် သံမဏိတွေကို ပြန်ထုတ်တဲ့ စက်ရုံတွေဟာ အရင်က အိမ်နီးချင်းနိုင်ငံတွေနဲ့ ဥရောပကနေ တင်သွင်းလာတဲ့ သံမဏိအပေါ် အီရတ်ရဲ့ မှီခိုမှုကို လျှော့ချပေးခဲ့တယ်လို့ ARG စက်ရုံရဲ့ အရည်ပျော်ဌာန အကြီးအကဲ အာမက် အယ်လ်-ဒါဘလိုလီက ပြောပါတယ်။

အီရတ်ရဲ့ သံမဏိဝယ်လိုအားဟာ နှစ်စဉ် တန်ချိန် ၁၀ သန်းကျော်ရှိပြီး လက်ရှိမှာ ပြည်တွင်းစက်ရုံ ၂၀ လောက်က တန်ချိန် ၃ သန်း ထုတ်လုပ်နေလို့ လက်ကျန်ပမာဏကို လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ တင်သွင်းရတယ်လို့ သူက ပြောခဲ့ပါတယ်။

အီရတ်မှာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်မှာ အိမ်ရာယူနစ် ၆ သိန်းလောက်ပေးဖို့ မျှော်လင့်ထားတဲ့ ပြည်နယ် ၁၅ ခုမှာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၀၀ ကျော်ကို စတင်လိုက်ပြီလို့ ဆောက်လုပ်ရေး၊ အိမ်ရာ၊ မြူနီစီပယ်နဲ့ ပြည်သူ့လုပ်ငန်းဝန်ကြီးဌာနက အခုနှစ်အစောပိုင်းမှာ အီရတ်နိုင်ငံပိုင်မီဒီယာကို ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013