
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အီရတ်နိုင်ငံရှိ နောက်ဆုံးကျန် အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းပြီးကြောင်း စက်တင်ဘာ ၃၀ ရက်မှာ ကြေညာခဲ့ပြီး အီရတ်ဝန်ကြီးချုပ်သစ် အလီ ဖာလက် အယ်လ်ဇိုင်ဒီ ဆီကို တာဝန်တွေ လွှဲပြောင်းပေးခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က သူ့ရဲ့ Truth Social စာမျက်နှာပေါ်မှာ အယ်လ်ဇိုင်ဒီဟာ အခြေအနေတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဝန်ကြီးချုပ်သစ် အဖြစ်လည်း ချီးကျူးခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က ဒါဟာ မူလဆုံးဖြတ်ချက် အမှားတွေကြောင့် နှစ်ပေါင်းများစွာကြာတဲ့ အကျပ်အတည်းနဲ့ စစ်ပွဲပြီးဆုံးသွားခြင်းဟာ အမေရိကအတွက် သတင်းကောင်းလို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်မှာ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ‘Operation Inherent Resolve’ မစ်ရှင် လုံးဝပြီးဆုံးခဲ့တာဟာ အမေရိကန်နဲ့ အီရတ်တို့အတွက် အောင်ပွဲတခုဖြစ်ကြောင်းနဲ့ တပ်ဖွဲ့တွေ စတင်စေလွှတ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ISIS အကြမ်းဖက်အဖွဲ့ကိုလည်း အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီလို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ဘဂ္ဂဒက်မြို့မှာ ပြုလုပ်တဲ့ အမေရိကန် ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ မစ်ရှင်ပြီးဆုံးခြင်း အခမ်းအနားမိန့်ခွန်းမှာ ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီက အီရတ်ရဲ့ အချုပ်အခြာအာဏာ၊ အဖွဲ့အစည်းတွေရဲ့ အားကောင်းမှု၊ တပ်ဖွဲ့တွေရဲ့ အဆင်သင့်ဖြစ်မှုနဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ မျှတတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ အဆင့်သစ်တခု စတင်လိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကာဒစ်စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဘေးလ်လေတပ်စခန်းမှ နောက်ဆုံးကျန် တပ်ဖွဲ့တွေကို ရုပ်သိမ်းလိုက်ခြင်းဖြင့် အီရတ်နိုင်ငံကို ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့တဲ့ နှစ် ၂၀ ကျော်ကြာ စစ်ပွဲပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
အီရတ်ပြည်သူတွေက အမေရိကန်တပ် ထွက်ခွာမှုကို အောင်ပွဲခံခဲ့ကြပေမဲ့လည်း လုံခြုံရေးဟာကွက်ကြောင့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေ ဒါမှမဟုတ် ISIS အဖွဲ့ ပြန်လည်ခေါင်းထောင်လာမှာကို စိုးရိမ်နေကြပါတယ်။
အီရန်နဲ့ သူ့မဟာမိတ်တွေကတော့ အမေရိကန်တပ်တွေကို အရှေ့အလယ်ပိုင်းမှ မောင်းထုတ်လိုက်တဲ့ တိုက်ပွဲမှာ ရရှိတဲ့ အောင်ပွဲအဖြစ် ဒီရုပ်သိမ်းမှုကို ကြိုဆိုခဲ့ကြပါတယ်။
Source: Reuters










