
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့အနောက်ပိုင်း၊ အယ်လ်နာဆီးမ်မြို့၊ အိမ်ရာဝင်းတခုရှိ အဆောက်အအုံ တခုရဲ့ ၁၄ ထပ်မြောက်တိုက်ခန်းမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးငယ် ၁ ယောက် ပြုတ်ကျ သေဆုံးခဲ့တယ်လို့ အာရပ်ဘာသာနဲ့ သတင်းလွှင့်နေတဲ့ Shafaq News သတင်းဌာနက အောက်တိုဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ချက်ချင်းသွားရောက်ခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားချိန်မှာ တိုက်ခန်းအတွင်း ရှိနေတဲ့ အမျိုးသား ၂ ယောက်ကို ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအမျိုးသမီးငယ်ရဲ့ မသင်္ကာစရာ သေဆုံးခဲ့တဲ့ဖြစ်စဉ်ကို အီရတ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေပြီး ထိန်းသိမ်းထားတဲ့ အမျိုးသား ၂ ယောက်ကတော့ အဆိုပါ မိန်းကလေးဟာ အဆောက်အအုံပေါ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာလို့ ထွက်ဆိုထား ပါတယ်။
မြန်မာအမျိုးသမီး သေဆုံးရတာက လူသတ်မှုလား၊ မတော်တဆမှုလားဆိုတာကို သိရှိနိုင်ဖို့ ရုပ်အလောင်းကို မှုခင်းဆေးပညာဌာနကို ပို့ဆောင်ပြီး မှုခင်းဆရာ၀န်ရဲ့ မှတ်ချက်ကို စောင့်ဆိုင်း နေတယ်လို့ ဆိုပါတယ်။
လူမှုကွန်ယက်ပေါ်က သတင်းအရ အဆိုပါ မြန်မာအမျိုးသမီးဟာ မေဇင်ထွန်းလို့ ခေါ်ပြီး ၂၀၀၇ ခုနှစ်ဖွား ဧရာ၀တီတိုင်း ငပုတောမြို့နယ်ဘက်ကလို့ ဆိုပါတယ်။
မေဇင်ထွန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး အီရတ်အာဏာပိုင်များရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ဖြစ်စဉ်အတွင်း တခြားသူတွေ ပတ်သက်မှုရှိ၊ မရှိကို မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးချက်တွေနဲ့ စုံစမ်းမှုရလဒ်တွေအပေါ် မူတည်ပြီး ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။
မိသားစုနဲ့ သူငယ်ချင်းတွေက မေဇင်ထွန်းအတွက် အမှန်တရားနဲ့ တရားမျှတမှုရရှိရေးကို မျှော်လင့်နေကြပြီး အမှုနဲ့ ပတ်သက်တဲ့ အတည်ပြုချက်တွေ ထွက်ပေါ်လာဖို့ စောင့်ဆိုင်း နေကြပါတယ်။
သေဆုံးသူနဲ့ ပတ်သက်လို့ နီးစပ်သူတွေက အကူအညီတောင်းရာ မြန်မာအေးဂျင့်ဘက်က ရေငုံနှုတ်ပိတ်နေပြီး အီရတ်မှာ မြန်မာသံရုံး မရှိတဲ့အတွက် အီဂျစ်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ရာ အီရတ်နဲ့ ပတ်သက်လို့ တာ၀န်မယူပါလို့ ဆိုပါတယ်။
ကူဝတ်မှာရှိတဲ့ မြန်မာသံရုံးကိုရော၊ အီရတ်တာ၀န်ရှိသူတချို့ကို ဆက်သွယ် အကူအညီတောင်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
လက်ရှိအချိန် မေဇင်ထွန်း သေဆုံးမှုအကြောင်းရင်းကို အီရတ်အာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးလို့ လူသတ်မှုလား အဆုံးစီရင်တာလားဆိုတာ အတည်ပြုလို့ မရ သေးပါဘူး။
Source: Shafaq











