
ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့ထဲမှာ လူမှုကွန်ရက် အွန်လိုင်းပေါ်ကနေ ဈေးရောင်းတဲ့ မြန်မာအမျိုးသမီးတယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်မှုကို စစ်ဆေး နှိမ်နင်းဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတာကြောင့် တာဝန်ရှိသူတွေဟာ အဆိုပါ ဥပဒေ ချိုးဖောက်မှုတွေကို စုံစမ်းဖမ်းဆီး နှိမ်နင်းနေတာပါ။
စုံစမ်းချက်အရ ရနောင်းမှာ မြန်မာအမျိုးသမီးတယောက်ဟာ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အွန်လိုင်းကနေတဆင့် ကုန်ပစ္စည်းတွေကို လိုက်ဖ်လွှင့်ပြီး ရောင်းချနေတာကို သိရှိရတယ်။
ဒါကြောင့် တာဝန်ရှိသူတွေက သူဟာ ဥပဒေချိုးဖောက်တယ်လို့ သံသယရှိတဲ့ သက်သေ အထောက်အထားတွေ ထောက်လှမ်းစုဆောင်းခဲ့တယ်၊ အဲဒီနောက် ခရိုင်တရားရုံးမှာ ဖမ်းဝရမ်းစာ လျှောက်ထားခဲ့ပါတယ်။
သူဟာ ထိုင်းမှာ နေရပ်လိပ်စာ အတည်တကျ မရှိတာကြောင့် မြန်မာဘက် တိမ်းရှောင်သွားမှာ စိုးရိမ်ပြီး အမြန်ဆုံး ဖမ်းဆီးအရေးယူဖို့ လိုက်လံရှာဖွေခဲ့ပါတယ်။
တာဝန်သိပြည်သူက သူရှိတဲ့နေရာကို သတင်းပေးလာတာကြောင့် အောက်တိုဘာ ၂၀ ရက်မှာ သွားရောက်ဖမ်းဆီးပြီး ဥပဒေအရ ဆက်လက်အရေးယူဖို့ ပတ်နမ့်နယ်မြေရဲစခန်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ထံ ဆက်လက်လွှဲပြောင်းပေးခဲ့တယ်။
ရွှေ့ပြောင်းလုပ်သားတွေ အွန်လိုင်းပေါ်ကနေ ဈေးရောင်းချတာဟာလည်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့ ၂၀၂၀ ခုနှစ် ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ နိုင်ငံခြားသားတွေ လုပ်ပိုင်ခွင့်မရှိတဲ့ လုပ်ငန်းအမျိုးအစားမှာ အကျုံးဝင်နေတာကြောင့် ဆက်လက်စစ်ဆေး အရေးယူသွားမယ်။ ဒါပေမဲ့ တရားရုံးက အပြစ်ရှိကြောင်း စီရင်ချက်မချမချင်း ဖမ်းဆီးခံထားရသူမှာ အပြစ်ကင်းစင်သူ တယောက် ဖြစ်နေဆဲပဲလို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Siam News / FM91 BKK News











