
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် ဇိမ်ခံအိမ်ရာတခုမှာ ငှားရမ်းနေထိုင်ပြီး ထိုင်းတက္ကသိုလ် ကျောင်းသားတွေကို ပစ်မှတ်ထား ငွေလိမ်နေတဲ့ ကျားဖြန့်ဂိုဏ်းတဂိုဏ်းကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး (ဆိုက်ဘာ) ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (DSI) နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၆ ရက်က ဘန်ကောက်၊ ဆဖန်းဆုန်နယ်မြေရှိ ဇိမ်ခံအိမ်ကြီးတလုံးကို တရားရုံးဖမ်းဝရမ်းစာနဲ့အတူ သွားရောက်စစ်ဆေးပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုမှာ အဓိကပါဝင်ပတ်သက်တဲ့ အသက် ၃၇ နှစ်အရွယ် တရုတ်နိုင်ငံသားတယောက်နဲ့ အသက် ၃၅ နှစ်အရွယ်နဲ့ ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီး ၂ ယောက်တို့ကို ဖမ်းဆီးခဲ့တယ်။
အိမ်ထဲမှာ အတူနေထိုင်တဲ့ ကျန် တရုတ်၊ ထိုင်း ရုရှားနိုင်ငံသား စုစုပေါင်း ၉ ယောက်တို့ကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုက်ဘာရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ထိနကွဏ်းရန်းမတ်ဖတ်ချ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ပါဝင်ပတ်သက်သူတို့ရဲ့ ဘတ်သန်းပေါင်း ၁၀၀ လောက်တန်တဲ့ တန်ဖိုးကြီး လက်ပတ်နာရီ၊ တက်ပလက်ကွန်ပြူတာ၊ ဘဏ်ငွေစုစာအုပ်၊ လက်ကိုင်ဖုန်း၊ ငွေသား၊ ကိုယ်စားလှယ်လွှဲစာ၊ နိုင်ငံကူးလက်မှတ် စတဲ့ ပစ္စည်းအရေအတွက်ပေါင်း ၄၀ ကျော်ကိုပါ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၃ မှ ၂၅ ရက်တွေမှာ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတယောက်ထံ တယ်လီဖုန်းကုမ္ပဏီ ကိုယ်စားလှယ်ဆိုသူက ဆက်သွယ်လာခဲ့တယ်၊ အကြောင်းမှာ သူ့ရဲ့ဘဏ်ထဲက ငွေတွေဟာ မသမာမှု ငွေကြေးခဝါချမှုနဲ့ သွားပြီး ပတ်သက်နေတယ်၊ သူ့အနေနဲ့ အရှုပ်အရှင်း မရှိကြောင်း ပြန်လည်ဖြေရှင်းပြသချင်ရင် ရဲတပ်ဖွဲ့က ဘဏ်ထဲကငွေတွေကို ခဏသိမ်းဆည်းပြီး စစ်ဆေးပေးမယ်လို့ ဆိုပါတယ်။
ကျောင်းသားယုံကြည်အောင် ရဲအရာရှိ ဆိုသူနဲ့လည်း ချိတ်ဆက်ပေးခဲ့တယ်။ ကျောင်းသားကလည်း ယုံကြည်ပြီး သူတို့ စေခိုင်းတဲ့အတိုင်း ဘတ်ငွေပေါင်း ၂၁၂,၉၈၉ ဒသမ ၉၀ ကို ၅ ကြိမ်တိုင် လွှဲပေးခဲ့တယ်။ ဒါတင်မကသေးဘဲ နောက်ထပ် ဘဏ်ထဲက ငွေသား ဘတ် ၄၅၀,၀၀၀ ကိုပါ ထုတ်ခိုင်းခဲ့တယ်၊ ကျောင်းသားက အဆိုပါငွေသားတွေကို ထုတ်ပြီး နခွန်းပထုန်ခရိုင် ဆာလာယားနယ်မြေ ကုန်တိုက်ကြီးတခုရဲ့ ကားပါကင်မှာ သွားပေးခဲ့ရပါတယ်။
ဒါပေမဲ့ ကျောင်းသားဟာ ငွေ ၅ ကြိမ်တိုင် ငွေလွှဲပေးပြီးကတည်းက တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပြီး ဖြစ်တယ်၊ တာဝန်ရှိသူတွေက ငွေစီးဆင်းရာလမ်းကြောင်းအတိုင်း လိုက်လံစုံစမ်းတာမှာ တခြားသူတွေရဲ့ အကောင့်ထဲကို တဆင့်ပြီးတဆင့် လွှဲသွားပြီး ရွှေထည်တွေ ဝယ်ယူထားတာလည်း တွေ့ရှိတယ်။ ဒုတိယအကြိမ် ငွေသားသွားပို့တော့ အရပ်ဝတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးပြီး ငွေလက်ခံသူတွေ နေထိုင်ရာ ဆဖန်းဆုန်နယ်မြေရှိ ဇိမ်ခံအိမ်ရာကို ဆက်လက် စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၆ ရက်က ဖမ်းဆီးခဲ့သူ ၃ ယောက်ထဲက တရုတ်အမျိုးသားမှာ အဓိက ငွေသိမ်းသူ ဖြစ်တယ်၊ မြန်မာအမျိုးသမီး ၂ ယောက်ကတော့ အိမ်ဖော်ဖြစ်ပြီး သူတို့ဘဏ်အကောင့် ကနေ ငွေလက်ခံရယူကာ ဆက်လက်ပို့ပေးတာလို့ ဆိုပါတယ်။
ဒီကျားဖြန့်ငွေလိမ်ဂိုဏ်းဟာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို အဓိက ပစ်မှတ်ထား လိမ်လည်နေပြီး ဘတ်သန်းပေါင်း ၂၀၀ ကျော် လိမ်လည်လည့်ဖြားခဲ့ကြောင်း အချက်အလက်တွေ ရထားပါတယ်။
ဆက်လက်ပြီး နောက်ကွယ်မှာ ကြိုးကိုင်သူ၊ ပါဝင်ပတ်သက်သူတွေ အားလုံးကို ဖမ်းဆီးအရေးယူဖို့ ငွေကြေးစီးဆင်းမှုလမ်းကြောင်းနဲ့ ပိုင်ဆိုင်မှုတွေပါ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။
Source: ThaiPBS / BrightTV / Thairath











