DVB Logo
Home
နိုင်ငံတကာ
မယ်ဟောင်ဆောင် သံလွင်မြစ်ရေ အာဆင်းနစ်အဆိပ် အန္တရာယ်ရှိနေ
DVB
·
February 18, 2026
မယ်ဟောင်ဆောင် သံလွင်မြစ်ရေ အာဆင်းနစ်အဆိပ် အန္တရာယ်ရှိနေ
Donate to DVB

မယ်ဟောင်ဆောင်ခရိုင်ထဲက ထိုင်း-မြန်မာ နယ်စပ်တလျှောက် စီးဆင်းနေတဲ့ သံလွင်မြစ်အတွင်း ရေအရည်အသွေးဟာ စံချိန်စံညွှန်းအောက် ရောက်ရှိနေပြီး အားဆင်းနစ်၊ ခဲနဲ့ ပြဒါးတို့လို သတ္တုဓာတ်တွေ အလွန်အမင်း ပါဝင်နေတယ်လို့ Thai PBS သတင်းမှာ ဖေဖော်ဝါရီ ၁၆ ရက်က ဖော်ပြပါတယ်။

ချင်းမိုင်တက္ကသိုလ် သိပ္ပံမဟာဌာန လေ့လာတွေ့ရှိချက်အရ ခုလိုဖော်ပြလိုက်တာ ဖြစ်ပြီး လက်ထောက်ပါမောက္ခ ဝမ်ဝီရိယ ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မယ်ဟောင်ဆောင်ခရိုင်၊ ဆော့မွေမြို့နယ်ထဲက မြစ်ဝှမ်းဒေသနဲ့ မြန်မာနိုင်ငံ၊ ကရင်နီပြည်နယ်အတွင်း မြစ်ရေနမူနာတွေအပြင် မြေဆီလွှာနဲ့ အပင်နမူနာတွေကိုပါ စုဆောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲစမ်းသပ်မှု ရလဒ်တွေအရ အထူးသဖြင့် အာဆင်းနစ် ပါဝင်မှုက သတ်မှတ်စံ ချိန်စံညွှန်း 0.01 mg/L ရှိရမယ့်အစား 0.55 mg/L အထိ ရှိနေကြောင်း တွေ့ရှိရကာ ဒါက စံချိန်စံညွှန်းထက် ၅၅ ဆ ပိုမိုမြင့်မားနေတာလို့ ဆိုပါတယ်။

မြစ်အတွင်း လေးလံတဲ့ သတ္တုဓာတ်တွေ မြင့်မားစွာ ပါဝင်နေတာက ကရင်နီပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ စည်းကမ်းမဲ့ ခဲတူးဖော်ရေးလုပ်ငန်းတွေနဲ့ ကျယ်ပြန့်စွာ လုပ်ကိုင်နေတဲ့ သတ္တုသန့်စင်လုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။

သတ္တုသန့်စင်ရာမှာ အသုံးပြုတဲ့ ရေတွေကို ဘယ်လို သန့်စင်မှုမှ မပြုလုပ်ဘဲ မြစ်အတွင်း တိုက်ရိုက် စွန့်ပစ်နေကြတာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

လက်ထောက်ပါမောက္ခ ဝမ်က အန္တရာယ်ရှိ ဓာတ်ပစ္စည်းတွေကို ပြင်းထန်တဲ့ ရေကြီးမှုတွေအတွင်း မြစ်အောက်ပိုင်းဆီ စီးဆင်းလာတဲ့ နုန်းအနည်အနှစ်တွေထဲမှ တွေ့ရှိခဲ့ရတာလို့ ပြောလိုက်ပါတယ်။

တကယ်လို့ ရေကြီးမှုတွေ ထပ်ဖြစ်လာရင်  ညစ်ညမ်းမှုတွေ ပိုမိုဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

အာဆင်းနစ်အဆိပ်သင့်ရင် ပြင်းထန်နာတာရှည် ရောဂါတွေနဲ့ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သလို အာဆင်းနစ်အဆိပ်သင့်မှုကို လတ်တလော ခံစားရမှာမဟုတ်ဘဲ ထိတွေ့မှုကာလ ကြာရှည်လာတာနဲ့အမျှ အသက်အန္တရာယ် ဖြစ်ပွားစေနိုင်တယ်လို့  သိရပါတယ်။ 

အာဆင်းနစ်ပမာဏ မြင့်မားစွာပါဝင်တဲ့ ရေကို ထိတွေ့တာ၊ သောက်သုံးတာတွေအပြင် အဆိုပါရေကို အသုံးပြုပြီး စိုက်ပျိုးထားတဲ့ အသီးအနှံတွေကို စားသုံးခြင်းအားဖြင့်လည်း အဆိပ်သင့်နိုင်တယ်လို့ ဆိုပါတယ်။

ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားတဲ့ သံလွင်မြစ်ဟာ တရုတ်နိုင်ငံမှာ စတင်မြစ်ဖျားခံပြီး မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းလာသလို ထိုင်းနိုင်ငံရဲ့ တစိတ်တဒေသ မြန်မာနဲ့ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်းနေတာ ဖြစ်ပါတယ်။

Source: Thai PBS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013