
ထိုင်းမှာ ၂၀၂၆ ခုနှစ်အတွင်း စီးပွားရေးနှေးကွေးပြီး ထုတ်လုပ်မှုကဏ္ဍ အားနည်းလာတာကြောင့် စက်ရုံပိတ်သိမ်းတာနဲ့ အလုပ်ဖြုတ်ခံရတာ ပိုများလာပြီး အလုပ်ဖြုတ်ခံရတဲ့ထဲမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေ ပါဝင်တာကြောင့် အလုပ်လက်မဲ့ ပြဿနာက ကြီးထွားနေပါတယ်။
ကာဆီကွန် သုတေသနစင်တာ (K-Research) ရဲ့ အချက်အလက်အရ ၂၀၂၅ ခုနှစ်အကုန်မှာ ထိုင်းနိုင်ငံမှာ အလုပ်သမား ၅၃,၀၀၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရပြီး အဲဒီထဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တခြားနိုင်ငံခြားသား လုပ်သားတွေလည်း ပါဝင်ပါတယ်။
၂၀၂၆ ခုနှစ် ပထမ ၃ လပတ်မှာလည်း စက်ရုံအသစ် ဖွင့်တာထက် ပိတ်သိမ်းတဲ့ရုံက ပိုများ လာပါတယ်။ ဒီလို စက်ရုံပိတ်သိမ်းတာနဲ့ အလုပ်အကိုင်လျှော့ချတဲ့ အခြေအနေကြားမှာ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း အစုလိုက် အပြုံလိုက် အလုပ်ဖြုတ်ခံတာတွေကို ကြုံနေရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းက ချွန်ဘူရီခရိုင်ထဲက တရုတ်နိုင်ငံသားပိုင် အီလက်ထရောနစ် စက်ရုံ၊ ပန်ကာရုံ၊ အကင်အိုးစက်ရုံ၊ ထိုင်ခုံ၊ တွန်းလှည်း ထုတ်လုပ်တဲ့ စက်ရုံစတဲ့ အလုပ်ရုံ၊ စက်ရုံတွေမှာ မြန်မာအလုပ်သမား ရာနဲ့ချီ အလုပ်ထုတ်ခံခဲ့ရပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “တချို့ တရုတ်စက်ရုံတွေက သူတို့ အလုပ်သမားလည်း မဟုတ်ဘူး၊ သူတို့ တပည့်လည်း မဟုတ်ဘူးဆိုတော့ သူတို့ခိုင်းချင်သလိုခိုင်းတယ်။ ၃ လလည်း ခိုင်းတယ်၊ ၆ လလည်း ခိုင်းတယ်။ တခါတလေ ၂ လလောက်ပဲ အလုပ်သမားလိုတာနဲ့ ၂ လ လောက်နဲ့လည်း ခေါ်တာပဲ။ အဲဒီမှာ အလုပ်သမားတွေကတော့ အားရဝမ်းသာ ဝင်သွားတယ်။ ပြီးတော့ ၃ လမပြည့်ခင် အလုပ်ပြုတ်ရော။ အလုပ်သမားဥပဒေက ထိုင်းနိုင်ငံမှာ ဒီ ရက်ပေါင်း ၁၂၀ အတွင်း စမ်းသပ်ကာလအဖြစ် လုပ်တယ်၊ အဲဒီကြားထဲမှာ ဖြုတ်တယ်ဆိုရင် သူတို့ နစ်နာကြေးတွေ လည်း မရ၊ ဥပဒေကလည်း လက်တလုံးခြားတွေ လုပ်ကြတာ။ အဲလိုအဖြစ်တွေ ကြုံနေရတယ်။ တော်တော်များများ တရုတ်စက်ရုံတွေ တရုတ်ရုံတွေကို အလုပ်သွင်းပေးတဲ့ ဒီလို အေဂျင်စီတွေ၊ ဒီလိုမျိုး ကြားခံပွဲစားတွေနဲ့ဆိုရင် ဒီအလုပ်သမားတွေ ဒီလိုပဲ ဒုက္ခရောက်နေတာပဲ။ ဒီလို ပြဿနာ တွေက တောက်လျှောက်ကို ရှင်းနေရတာပေါ့နော်။ အဲဒီပြဿနာတွေက ထိုင်းစိုးရ ဝင်ပါပြီးတော့ ဖြေရှင်းမှပဲ ပြီးလိမ့်မယ်။ ဒီတိုင်းဆိုရင်တော့ အလုပ်သမားတွေ တော်တော်ဒုက္ခရောက် နေဦး မှာပဲ”လို့ ပြောပါတယ်။
အလုပ်ဖြုတ်ခံရတဲ့အခါ မြန်မာလုပ်သားတွေအတွက် နောက်ထပ် အလုပ်ရှာဖို့ကလည်း လွယ်ကူတာ မဟုတ်ပါဘူး။ အလုပ်တခုရဖို့ ပွဲစားတွေကို အလုပ်သွင်းခ ပေးထားရသလို၊ အလုပ်မတည်မြဲဘဲ နောက်ထပ် အလုပ်သစ် ထပ်ရှာရတဲ့အခါ ကုန်ကျစရိတ် ရှိလာတာကြောင့် အလုပ်ဖြုတ်ခံရမှုဟာ မြန်မာလုပ်သားတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။
အလုပ်သမား အများစုဟာ အလုပ်ရဖို့ တယောက်ကို ဘတ် ၆,၅၀၀ ကနေ ၇,၅၀၀ ဝန်းကျင်အထိ စမတ်ကြေးလို့ ခေါ်တဲ့ အလုပ်သွင်းခကို ကြားခံ ပွဲစားကုမ္ပဏီတွေ၊ အေဂျင်စီတွေကို ပေးဆောင် ရတာပါ။
ဒါပေမဲ့ အလုပ်ဖြုတ်ခံရတဲ့အခါမှာတော့ အထောက်အထား မစုံလင် အလုပ်သမားတွေဟာ ဥပဒေပါ အတိုင်း လျော်ကြေး၊ နစ်နာကြေးတွေ ရရှိဖို့ မသေချာဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
မဟာချိုင် အလုပ်သမားတယောက်က “ဒီလိုမျိုး အီလက်ထရောနစ်ရုံ တော်တော်များများဆိုရင် ၅ လပိုင်း ၆ လပိုင်းလောက်ဆို သူတို့ အော်ဒါပြတ်တယ်။ အဲ့အချိန်ဆိုရင် လုပ်သား တော်တော် များများကို ဖြုတ်တယ်။ သူ အော်ဒါမရှိလို့ လူဖြုတ်တယ် လူလျှော့တယ်ဆိုပြီး အဲ့လိုပဲ ဖြုတ်ပစ်တာပေါ့။ လုပ်ဖြုတ်ခံရရင် နစ်နာကြေးတို့ လျော်ကြေးတို့ ပေးတဲ့ရုံဆိုတာကတော့ တော်တော်ရှားတယ်။ ကျနော်တို့ အဖွဲ့အစည်းတွေနဲ့ တိုင်ပြီး တောင်းမှပဲ ပေးတာ။ ဒီတိုင်းဆိုရင် သူတို့ နစ်နာကြေး မပေးဘူး။ အဲ့လိုမျိုး လုပ်သားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ အပေါ်မှာတော့ ကျနော်တို့ ဒီ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့လူတွေကို တိတိကျကျ လုပ်ပေးစေချင်တာပေါ့။ အခုလိုမျိုးကျ အလုပ်တွေ ဖြုတ်ခံရတယ်ဆိုရင်လည်း လုပ်သား တော်တော်များများက ဒီမှာက အလုပ်တခုဝင်ရပြီဆိုရင် စမတ်ကြေး (အလုပ်သွင်းပေးခ) ရှိတယ်။ အဲ့လိုမျိုး ဒီလို ကိုယ်လုပ်နေတဲ့အလုပ်က အဲ့လိုမျိုး အဆင်မပြေဘဲ ဖြုတ်သွားတဲ့အခါကျ လုပ်သားတွေက နောက်ထပ် အလုပ်ရှာဖို့ကျ ခက်ခဲသွားတယ်”လို့ ပြောပါတယ်။
မြန်မာလုပ်သားတွေ အများဆုံးရှိတဲ့ မဟာချိုင်နဲ့ ချွန်ဘူရီလို စက်မှုဇုန်တွေမှာလည်း အော်ဒါ ကျဆင်းတာနဲ့ စက်ရုံဘက်က အလုပ်သမားအင်အား လျှော့ချတာတွေ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လုပ်အားခ မပေးတာတွေ၊ အလုပ်သွင်းပေးခ (စမတ်ကြေး) အဆမတန် တောင်းခံတာတွေ အပါအဝင် ပြဿနာမျိုးစုံ ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။
ဇွဲသစ်











