DVB Logo
Home
မြန်မာသတင်း
မြန်မာပတ်စ်ပို့နှင့် ထိုင်းတွင် စီးပွားရေးလုပ်နေသော တရုတ်ဝရမ်းပြေး ၁ ဦး ဖမ်းဆီးခံရ 
DVB
·
September 17, 2026
Photo: ထိုင်းအမျိုးသားရဲတပ်ဖွဲ့
Photo: ထိုင်းအမျိုးသားရဲတပ်ဖွဲ့
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စခွန်းခရိုင် ကထုန့်ဘဲန်မြို့မှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ကားတာယာထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံက ဝရမ်းပြေးတယောက်ကို ပါဝင် ပတ်သက်သူတွေနဲ့အတူ ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တွေက စက်တင်ဘာ ၁၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

လတ်တလော ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ထိုင်းအမည်ခံပြီး ကုမ္ပဏီထူထောင်တာ၊ အိမ်ခြံ မြေတွေဝယ်ယူတာ၊ တရားမဝင်စီးပွားရေးလုပ်ဆောင်တာ၊ မှတ်ပုံတင်အတု စတာတွေကို ဆက်တိုက် စုံစမ်းစစ်ဆေးအရေးယူနေတာမှာ စမွတ်စခွန်းခရိုင် ကထုန့်ဘဲန်မြို့ အွမ်းနွဲ့ရပ်ကွက်ရှိ တာယာထုတ်လုပ်ရေးကုမ္ပဏီ ၃ ခုဟာလည်း ထိုင်းအမည်ခံ နိုင်ငံခြားသားပိုင် ဖြစ်နေတာကို သိရှိရ တာကြောင့် ဗဟိုရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးဌာန၊ အမျိုးသားအိမ်ထောင်စုလုံခြုံရေးဌာန၊ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှု နှိမ်နင်းရေး စတဲ့အဖွဲ့အစည်းက တာဝန်ရှိသူတွေပူးပေါင်းပြီး သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရန်း နွန်းမားက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

စစ်ဆေးဖော်ထုတ်ချက်အရ မြန်မာနိုင်ငံသား Mr. Myo ခေါ် Mr.Li ဆိုသူဟာ ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကျော် နေထိုင်ပြီး ထိုင်းနိုင်ငံသားအမည်ငှား (နော်မီနီ) နဲ့  ရင်းနှီးမြှုပ်နှံငွေ ဘတ် ၁၉၁ သန်းရှိ  K-Thonglee Co., Ltd.,  AEC Co., Ltd. နဲ့   KTL Co., Ltd. စတဲ့ ကုမ္ပဏီ ၃ ခု ထူထောင်ထားတယ်၊ ဒါ့အပြင် စုစုပေါင်း ဘတ်သန်းပေါင်း  ၆၀၀ ခန့် တန်ဖိုးရှိ အိမ်ရာ၊ စက်ရုံနဲ့ မြေကွက် ၇ ကွက်ကို ပိုင်ဆိုင်ထားတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုတွေမှာ သူဟာ ရှယ်ယာအများဆုံးပါဝင်ထားပြီး ထိုင်းနိုင်ငံ သား ရှယ်ယာရှင်မှာတော့ သူ့ရဲ့တပည့် ယာဉ်မောင်းတယောက်သာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တရုတ်ပြည် ရှန်တုန်းပြည်နယ် ဂျီးနန်မြို့ရှိ  အစိုး ရစီမံကိန်း‌တခုမှာ အဂတိလိုက်စားမှုကြောင့် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသူဖြစ်တယ်။ တရုတ်နိုင်ငံသားအမည်မှာ Mr. Weidong ဖြစ်ပြီး ၂၀၁၃ ကနေ ၂၀၁၆ ထိ တရုတ်နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းကို ၁၄ ကြိမ်ဝင်ထွက်ခဲ့တယ်၊ ၂၀၁၈ ကစပြီး Mr. Myo အမည်နဲ့ မြန်မာပတ်စပို့ကိုင်ဆောင်ကာ ထိုင်းနိုင်ငံကို ၄၈ ကြိမ် ဝင်ထွက်ခဲ့တယ်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးက Facial Recognition မျက်နှာစကဲင်ဖတ်တဲ့စက်နဲ့ ပြန်စစ်တာမှာ တယောက်တည်းဖြစ်နေတာကို တွေ့ရှိတယ်။ ကာယကံရှင်ကလည်း ဟုတ်မှန်ကြောင်း ဝန်ခံထားတယ်။ သူဟာ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း သူ့စက်ရုံရှိ တရုတ်ဝန်ထမ်းအမျိုးသမီးကို အကြမ်းဖက်ရိုက်နှက်မှုနဲ့ စမွတ်စခွန်းတရားရုံးမှာ မပြီးပြတ်သေးတဲ့ အမှုတမှုလည်း ရှိနေပါတယ်။ 

ဘတ် ၉ သန်း တန်ဖိုးရှိ မြေကွက်အရောင်းအဝယ်စာချုပ်မှာ ထိုင်းနိုင်ငံသားမှတ်ပုံတင်ရှိ သူ့ရဲ့ သားဖြစ်သူ နိုင်းဒွန်းရဲ့ အမည်ပါရှိတယ်၊ စစ်ဆေးချက်အရ နိုင်းဒွန်း (အသက် ၁၉ နှစ်) ရဲ့ ထိုင်းမှတ်ပုံတင်မှာ ထိုင်းမြောက်ပိုင်း မဲ့အိုင်းမြို့နယ်က သေဆုံးသွားသူတယောက်ရဲ့ မှတ်ပုံတင် ဖြစ်နေပါတယ်။ သူ့ကို မှတ်ပုံတင်ထုတ်ပေးခဲ့သူမှာ ချင်းဒေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဖြစ်ပြီး ဒီမတိုင်ခင်က မှတ်ပုံတင်တုထုတ်ပေးမှုနဲ့ ဖမ်းဆီးခံထားရသူ ဖြစ်ပါတယ်။ 

နိုင်းဒွန်း (တရုတ်အမည် Mr.Ji) ကတော့ သူလည်း ထိုင်းကို မလာချင်ဘူး၊ အဖေက အတင်းခေါ်လို့ လာရတယ်၊ ထိုင်းမှတ်ပုံတင် ကိစ္စလည်း နားမလည်ဘူး၊ အားလုံးဟာ အဖေ စီမံပေးတဲ့အတိုင်းပဲ၊ မှားယွင်းတာရှိရင် တောင်းပန်ကြောင်း တရုတ်သံဝဲဝဲနဲ့ ထိုင်းလို ပြောသွားပါတယ်။ 

သူ့ရဲ့ ထိုင်းမှတ်ပုံတင်ထဲက မိခင်လို့ဖော်ပြတဲ့ နန်းနားဖာ ဆိုသူ အမျိုးသမီးကတော့ သူ့ရဲ့သားဟာ ငယ်စဉ်ကတည်းက ဆုံးသွားပြီ၊ သေဆုံးသူ သားရဲ့မှတ်ပုံတင်နံပါတ် ပြန်သုံးချင်တယ်လို့ မြို့နယ်ရုံးက ဆက်သွယ်လာလို့ ခွင့်ပြုလိုက်တယ်၊ ဘတ် ၈၀၀ ရတယ်၊ ဥပဒေချိုးဖောက်မှုဖြစ်မှန်း မသိလို့ ခွင့်ပြုရတာလို့ ပြောပါတယ်။ 

ဒီဖြစ်စဉ်မှာ တရုတ်နိုင်ငံက ဝရမ်းပြေးမှု၊ မြန်မာမှတ်ပုံတင်တု ကိုင်ဆောင်မှု၊ အမည်ခံ ကုမ္ပဏီထောင်မှု၊ စီးပွားရေးလုပ်ကိုင်မှု၊ ထိုင်းမှတ်ပုံတင်တု ကိုင်ဆောင်မှု စတဲ့ ဥပဒေချိုးဖောက်မှုတွေ တွေ့ရပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူဖို့ အဓိကတရားခံ Mr.Myo၊ သားဖြစ်သူ နိုင်းဒွန်း၊ မိခင်အတု နန်းနားဖာ နဲ့ ကုမ္ပဏီအမည်ခံ ထိုင်းယာဉ်မောင်းသမား စတဲ့ ၄ ယောက်ကို ဖမ်းဆီးထားသလို ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၆၀၀ ကိုလည်း စစ်ဆေးဖို့ သိမ်းဆည်းထားတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

Source : ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ထုတ်ပြန်ချက် ၊ စမွတ်စခွန်း ပြန်ကြာ‌ရေးဌာန 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013