
ဂျာမနီနိုင်ငံ၊ ဘရီမင်မြို့ရှိ ဂေဆွန်ဟိုက်နော့ဒ်ဆေးရုံက ဝန်ထမ်းတွေဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ အရေးပေါ်အခန်းရဲ့ မှန်တံခါးကို ကိုက်ပြီး ဆေးကုသမှုခံယူဖို့ ကြိုးစားနေတဲ့ ဒဏ်ရာရ ကော့မိုရေးငှက်တကောင်ကို မမျှော်လင့်ဘဲ တွေ့ခဲ့ပါတယ်။
ငှက်က ဆေးရုံရဲ့ ဒုတိယဝင်ပေါက်ကိုတောင် သွားခဲ့တာကို ချက်ချင်းသတိမထားမိခဲ့တာလို့ ဝန်ထမ်းတွေက ပြောပါတယ်။
တာဝန်ကျ သူနာပြု ဂျူလီယန်အန်ဒရီယတ်စ်က ငှက်ရဲ့ အောက်နှုတ်သီးမှာ ငါးမျှားချိတ်တခု ချိတ်မိပြီး ဒဏ်ရာရနေတာကို နောက်ဆုံးမှာ သတိပြုမိသွားခဲ့ပါတယ်။
အန်ဒရီးယတ်စ်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကို မကြာခဏ ကိုင်တွယ်ဖြေရှင်းပေးတဲ့ မီးသတ်တပ်ဖွဲ့ဆီကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။
ငှက်က မီးသတ်သမားတွေကို တည်တည်ငြိမ်ငြိမ်ပဲ ဖမ်းကိုင်ခွင့်ပြုခဲ့တယ်လို့ အန်းဒရီးယတ်စ်က ပြောပါတယ်။
ဆေးရုံဝန်ထမ်းတွေနဲ့ မီးသတ်တပ်ဖွဲ့က အရေးပေါ်ဌာန ဝင်ပေါက်မှာ စုဝေးပြီး ငါးမျှားချိတ်ကို အရင်ဆုံး ဖြတ်တောက်ဖယ်ရှားခဲ့ပါတယ်။
သူနာပြု အန်းဒရီးယတ်စ်က “ငှက်နှုတ်သီးကို ဖွင့်နိုင်ခဲ့ပြီး ငှက်က ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ကျမတို့က သူ့ပါးစပ်ထဲကို ကြည့်လိုက်နိုင်ပြီး ဘာမှ ထိခိုက်ဒဏ်ရာ မရထားဘူး” လို့ ပြောပါတယ်။
အရေးပေါ်ဌာန အကြီးအကဲ ဖေဘီယန်လိုင်ဘာက ဆေးရုံကို ရောက်လာချိန်မှာ သူဘာလုပ်နေလဲဆိုတာ တကယ်သိလားဆိုတာ သိနိုင်တဲ့နည်းလမ်းမရှိပေမဲ့ လူသားတွေကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ တိရစ္ဆာန်တကောင်ကို ကူညီနိုင်ခဲ့တာက ဝမ်းသာစရာ တိုက်ဆိုင်မှု တခုပါပဲလို့ ပြောပါတယ်။
နောက်ပိုင်းမှာ မီးသတ်တပ်ဖွဲ့က ငှက်ကို တောနက်ထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာရှိတဲ့ ငှက်ဦးရေဟာ တည်ငြိမ်နေပြီး မြင့်တက်လာနိုင်ခြေရှိတယ်လို့ ဂျာမန်အစိုးရက ဆိုထားပါတယ်။
Source: Reuters











