
အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးကုသနေတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာရာမန်က ငြင်းဆန်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက ရေးပါတယ်။
အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထိခိုက်ဒဏ်ရာရရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးကုသမှုခံယူနေရကြောင်း သတင်းတွေ ထွက်ရှိနေမှုအပေါ် ဇူလိုင် ၅ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်းကြီးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်တာပါ။
နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာ ရာမန်က “:ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့မှာ ဘာအချက်အလက်မှ မရှိပါဘူး” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထိခိုက်ဒဏ်ရာရသွားတယ်လို့ စစ်အာဏာရှင်တပ် လော်ဘီတွေက ဝါဒဖြန့်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်ခြားစောင့်တပ်(BGB)ကို လုံခြုံရေး တိုးချဲ့ချထားပြီး မြန်မာနိုင်ငံက နောက်ထပ် ဒုက္ခသည် အသစ်တွေ ဝင်မလာစေဖို့ကိုလည်း သတိထား စောင့်ကြည်နေတယ်လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ နယ်စပ်မြို့တွေဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့ကို ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ဒေသမှာ လုံခြုံရေးတင်းကျပ်ပြီး တိုးမြှင့်လိုက်ပါတယ်။
အဲဒီလို တိုက်ခိုက်မှုဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက “ကျနော်တို့ နယ်စပ်အခြေအနေကို စောင့်ကြည့်နေပါတယ်” လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။
ရခိုင်မြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထပ်မံဝင်ရောက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအကြံပေးတွေက သတိပေးထားကြတယ်လို့ သတင်းစာတွေက ရေးသားထားပါတယ်။
Ref: The Financial Express










