
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ အစာအဆိပ်သင့်လို့ ကလေးငယ်တယောက် သေဆုံးခဲ့ကာ ၉ ယောက်ထက်မနည်း ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။
ဧပြီ ၂၈ ရက် မနက် ၇ နာရီလောက်က ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာမှာ ပြောင်းဖူးနဲ့လုပ်ထားတဲ့ ကော်ပြန့်ကြော် ဝယ်ယူစားသုံးရာက လူ ၉ ယောက် အစာအဆိပ်သင့်ခဲ့ပြီးနောက် အသက် ၄ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့ကာ ကလေးငယ်တချို့ အပါအဝင် ၈ ယောက် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “ကလေးငယ်တယောက်က အစာအဆိပ်သင့်မှုကြောင့် ဆေးရုံမှာ သေဆုံးသွားတာ။ ၉ ယောက်လုံးက ကော်ပြန့်ကြော်စားပြီး မူးဝေ အော့အန် နှုတ်ခမ်းပြာတဲ့ လက္ခဏာတွေ ဖြစ်ကုန်ကြတာ” လို့ ပြောပါတယ်။
အစာအဆိပ်သင့်ခဲ့တဲ့ ကျန် ၈ ယောက်ဟာ ဓနုဖြူမြို့နယ်၊ ကျောင်းစုတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကော်ပြန့်ကြော်ရောင်းချသူနဲ့ အစာအဆိပ်သင့်တဲ့သူတွေ စားမိတဲ့ ကော်ပြန့်ကြော် တချို့ကိုပါ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။











