
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့အနီးက ဧရာဝတီမြစ်အတွင်းမှာ မနေ့ညပိုင်းက ညအိပ်ရပ်နားဖို့လုပ်နေတဲ့ ကုန်တင်တွဲသင်္ဘော မီးလောင်ပြီး အသက် ၂၀ အရွယ် ယောကျ်ားလေးတယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီခွဲဝန်းကျင်လောက်က ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့အတူ မီးလောင်ခဲ့တာလို့ ဓနုဖြူမြို့ခံတယောက်က DVB ကိုပြောပါတယ်။
“အသံကြီးက နည်းတာမဟုတ်ဘူး။ ကြားကြားချင်းက ဘာဖြစ်မှန်းမသိတော့ အကုန်လန့်ကုန်တာ။ နောက်မှ မြစ်ထဲက သင်္ဘော မီးလောင်မှန်းသိတာ။ ကောင်လေးတယောက် ပျောက်နေတယ် ကြားတယ်။ ကြောက်လန့်ပြီး ရေထဲ ခုန်ချသွားပုံရတယ်”
ကျောက်စရစ်တင်ဖို့ ရန်ကုန်ကနေ ပြည်မြို့ကို မောင်းလာတဲ့ ရွှေမိုးပင်လယ် တွန်းသင်္ဘောနဲ့ အလျား ပေ ၂၂၀၊ အနံ ၅၅ ပေ၊ ဇောက် ၁၀ ပေ ကုန်တင်တွဲသင်္ဘောတို့ဟာ ဩဂုတ် ၂၉ ရက် ညပိုင်းက ဓနုဖြူမြို့ အမှတ် ၅ ရပ်ကွက်၊ စံကင်းကူးတို့ဆိပ်နားမှာ ညအိပ်ရပ်နားဖို့ ပြင်ဆင်ပြီး ဆီပန့်နဲ့ ဆီလှယ်ထည့်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတယောက်က “အရန်ဆီကန်ကနေ အင်ဂျင်ခန်းမှာရှိတဲ့ ဆီကန်ထဲကို ဆီပန့်နဲ့ ဆီလွှဲပြောင်းထည့်နေချိန် မီးစထွက်သွားပြီး မီးလောင်မှုဖြစ်တာ။ မီးလောင်မှုကြောင့် သင်္ဘောာပေါ်က အမျိုးသားတယောက် ပျောက်နေတယ်။ မီးလောင်မှုဖြစ်ချိန် ရေထဲ ခုန်ချခဲ့လို့ ပျောက်နေတယ်လို့ ယူဆတယ်” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ထဲက အသက် ၂၀ အရွယ် မောင်ဇင်မျိုးထက်နိုင် ပျောက်ဆုံးနေပြီး လက်ရှိမှာ ရေယာဉ်အုပ် ဦးရဲဝင်းနိုင် ကို ဓနုဖြူ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဒီဇယ်ပီပါ ၇ လုံး (ဂါလံ ၃၅၀) ကာလတန်ဖိုး ၄,၅၅၀,၀၀၀ ကျပ်လောက် မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်နဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ဓနုဖြူမြို့နယ်မီးသတ်ဦးစီးဌာနက သန္ဓေတပ်ဖွဲ့ဝင် ၁၂ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ယောက်တို့က စက်လှေ ၃ စင်း၊ အပေါ့စား စက် ၄ လုံးတို့နဲ့ ငြှိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။











