
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းမပေါ်မှာရှိတဲ့ EXCELLENT BAR စာသောက်ဆိုင်မှာ အောက်တိုဘာ ၂၅ ရက်က မီးလောင်မှုဖြစ်ခဲ့ပြီး လူ တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၃ နာရီ ၁၆ မိနစ်လောက်က EXCELLENT BAR အတွင်း မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အစားအသောက်ချက်ပြုတ်တဲ့ မီးဖိုဆောင်အခန်းကနေ မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က "Kitchen ကနေစလောင်တာလို့သိရတယ်။ ဂတ်စ်အိုးအပူလွန်ကဲပြီးဖြစ်တာ။ စားဖိုမှူးတယောက်တော့သေတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိတယ်။ ရာသီဥတုကလည်း တအားပူတယ်လေ။ အဲဒီတော့ ဂရုစိုက်စေချင်တယ်အကုန်လုံးကို"လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုကို ဗဟိုမီးသတ်စခန်း၊ ဒက္ခိဏခရိုင်မီးသတ်စခန်းနဲ့ ဇမ္ဗူသီရိမြို့နယ်၊ မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်တွေက သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ နေ့လယ် ၃ နာရီခွဲ ကျော်လောက်မှာ မီးငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။
အလားတူ တရက်တည်းမှာပဲ နေပြည်တော်မှာ ဆို၊ က၊ ရေး၊ တီး လာပြိုင်တဲ့သူတွေအတွက် ပို့ဆောင်ပေးတဲ့ ဝန်ကြီးဌာနပိုင်ဘတ်စ်ကား တစီးလည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဘတ်စ်ကားဟာ မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဇမ္ဗူသီရိမြို့နယ်၊ ရေပန်းဥယျာဉ်အနီးမှာ မီးလောင်ပျက်စီးသွားတာဖြစ်ပြီး လူတွေထိခိုက်ဒဏ်ရာတဲ့ သတင်းတော့ မရရှိပါဘူး။











