
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မော်စကိုမြို့အနီးက ဇူကော့ဗ်စကီးမြို့ကို ဇွန် ၂၄ ရက်မှာ သွားရောက်ပြီး နိုင်ငံတွင်းမှာပဲ ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် ပြည်တွင်းဖြစ် လေယာဉ် မော်ဒယ်တွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ ပူတင်ကို MS-21-310၊ SJ-100 နဲ့ IL-114-300 လေယာဉ်မော်ဒယ်တွေကို ပြသခဲ့ ပါတယ်။
အဲဒီနောက် ပြည်တွင်းလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပူတင်က ရုရှားနိုင်ငံ အနေနဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ နိုင်ငံခြားဖြစ် လေယာဉ်အစိတ်အပိုင်းတွေ နေရာမှာ ပြည်တွင်း ဖြစ်တွေနဲ့ ရာနှုန်းပြည့် အစားထိုးနိုင်စွမ်းရှိတယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပြီလို့ ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကြောင့် ရုရှားအနေနဲ့ အခုလို ပြည်တွင်းဖြစ် အစားထိုး လဲလှယ်မှုကို မဖြစ်မနေ လုပ်ဆောင်ခဲ့ရတာဖြစ်ပေမဲ့ အခုထုတ်လုပ်လိုက်တဲ့ လေယာဉ် အစိတ်အပိုင်း တချို့ဟာ ကမ္ဘာ့အကောင်းဆုံး မော်ဒယ်တွေနဲ့ ရင်ဘောင်တန်းနိုင်ရုံတင်မကဘဲ အနောက်နိုင်ငံတွေရဲ့ စံချိန်စံညွှန်းတွေကိုပါ ကျော်လွန်နေပြီလို့လည်း ဆိုပါတယ်။
အစိုးရ၊ လေယာဉ်ထုတ်လုပ်သူတွေနဲ့ လေကြောင်းလိုင်းတွေအားလုံး ပူးပေါင်းကြိုးပမ်းပြီး ရုရှား လေကြောင်းလိုင်းတွေ အနေနဲ့ ပြည်တွင်းဖြစ် လေယာဉ်တွေကိုပဲ အဓိက သုံးစွဲ ပျံသန်းနိုင်အောင် လိုအပ်တာမှန်သမျှကို အစွမ်းကုန် ဆက်လုပ်သွားမယ်လို့လည်း ပူတင်က ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
Source: Reuters










