
ရုရှားနိုင်ငံကို ဓာတ်ငွေ့ဈေးကွက်ကနေ ဖယ်ထုတ်ဖို့ ကြိုးပမ်းမှုတိုင်းဟာ စားသုံးသူတွေအတွက် ကုန်ကျစရိတ်တွေကို မြင့်တက်စေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
မော်စကိုမြို့တော်မှာ ကျင်းပတဲ့ ဓာတ်ငွေ့တင်ပို့သူနိုင်ငံများ ဖိုရမ် (GECF) မှာ သူက ခုလို ပြောလိုက်တာပါ။
ကမ္ဘာလုံးဆိုင်ရာ သဘာဝဓာတ်ငွေ့ လိုအပ်ချက် တိုးလာနိုင်ခြေရှိနေလို့ ထောက်ပံ့ရေး လမ်းကြောင်း တွေကို အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ဖို့နဲ့ ဓာတ်ငွေ့လဲလှယ်ခြင်း (swap) အပါအဝင် တခြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ပူတင်က ပြောပါတယ်။
ဒါ့အပြင် အာတိတ်ဒေသမှာ ရုရှားနဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အလားအလာတွေကို လေ့လာဆန်းစစ်နေတယ်လို့လည်း ပူတင်က ထည့်ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ဓာတ်ငွေ့ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုတွေကို အပြန်အလှန် ဖလှယ်ဖို့ အသင့်ရှိတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
GECF မှာ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံ ပါဝင်ပြီး အယ်လ်ဂျီးရီးယား၊ ဘိုလီးဗီးယား၊ ဗင်နီဇွဲလား၊ အီဂျစ်၊ အီရန်၊ ကာတာ၊ လစ်ဗျား၊ နိုင်ဂျီးရီးယား၊ ရုရှား၊ ထရီနီဒက်နဲ့ တိုဘာဂို၊ အီကွေတိုရီယယ် ဂီနီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဖြစ်ကြပါတယ်။
ဒီဖိုရမ်အဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာမှာ အတည်ပြုပြီးသား ဓာတ်ငွေ့သိုက်ပမာဏရဲ့ ၇၀ ရာခိုင်နှုန်း၊ ဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ ၃၈ ရာခိုင်နှုန်း၊ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့တင်ပို့မှုရဲ့ ၄၂ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ရည် LNG တင်ပို့မှုရဲ့ ၄၇ ရာခိုင်နှုန်းတို့ကို ပိုင်ဆိုင်ထားကြတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters











