
ကရင်နီပြည်နယ်ထဲက ဖားဆောင်းမြို့နဲ့ မယ်စဲ့မြို့ကို ချိတ်ဆက်ထားတဲ့ သံလွင်မြစ်ကူးတံတားကို ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မနက် အစောပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မယ်စဲ့မြို့မှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်ကလည်း သံလွင်တံတား ဖျက်ဆီးခံထားရတာကို အတည်ပြုပေမဲ့ ဘယ်အဖွဲ့ကလုပ်တာလဲဆိုတာ DVB က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မယ်စဲ့မြို့ရှိ စစ်ရေးရင်းမြစ်တယောက်က “ဒီမနက်စောစောမှာ ခွဲလိုက်တာပါ။ အဓိက နံပါတ်တစ်အချက်ကတော့ ကုန်စည်စီးဆင်းမှုက အစ အခက်အခဲ ဖြစ်သွားပြီပေါ့။ ပြီးရင် ဖာဆောင်းကို ရောက်လာပြီဆိုတော့ စစ်တပ်က မယ်စဲ့ကိုလည်းပဲ ပြန်ပြီး အာရုံစိုက်နိုင်တာတွေရှိတော့ အနည်းနဲ့အများ လူထုကြားထဲမှာ ထိတ်လန့်မှု တစုံတရာတော့ ရှိလာနိုင်တာပေါ့” လို့ ပြောပါတယ်။
ဖားဆောင်းမြို့ထဲက ခလရ ၁၃၅ မကျဖို့ စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်က ဖားဆောင်းမြို့ထဲကို ရောက်လာပြီးနောက် ၂ ရက်အကြာမှာပဲ ဖားဆောင်းနဲ့ မယ်စဲ့ကို ချိတ်ဆက်ထားတဲ့ တံတားကို ဖျက်ဆီးခံလိုက်ရတာပါ။
လတ်တတော ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်ပြီး စစ်ရေးအရ ပွန်ချောင်းတံတား၊ ထူးချောင်းတံတားနဲ့ အခု သံလွင်မြစ်ကူးတံတား စုစုပေါင်း တံတား ၃ စီး ဖျက်ဆီးလိုက်ပေမဲ့ စစ်ကူစစ်ကြောင်းတွေက ထပ်ရောက်လာနေတဲ့အတွက် ဒေသခံတွေကတော့ အခုလို စစ်ရေးအရ တံတားတွေ ဖျက်ဆီးနေတဲ့အပေါ်မှာ မေးခွန်းထုတ်နေကြပါတယ်။
ဒေသခံတယောက်က “စစ်ရေးရိက္ခာဖြတ်တောက်တာတို့ ဘာတို့ ပြောတယ်။ ဒါပေမဲ့ ဒီကောင်တွေ(စစ်တပ်)က လေယာဉ်တွေရှိတယ်လေ။ ပြီးတော့ သူတို့ ဘယ်လိုမျိုး သွားနိုင်တဲ့လမ်းဆိုတာ သူတို့သိပြီးသားပဲ။ အဲဒီလိုဆိုတော့ မရောက်လာနိုင်ဘူးလား ဆိုတော့ ရောက်လာနိုင်တာပဲလေ။ ဒီစစ် (--) ရောက်မလာဖို့ တံတားဖျက်တယ် ဆိုတာက ထူးချောင်းမှာလည်း လွယ်လွယ်ကူကူ ရောက်သွားတာပဲလေ။ ထူးချောင်းတံတားကိုလည်း ဖျက်တယ်။ ဖျက်ပြီးတော့ စစ်(--) မရောက်လာနိုင်ဘူးလားဆိုတော့ ဒီဖားဆောင်းမှာ ရောက်သွားပြီ။
အခု ဖားဆောင်းရောက်တဲ့အချိန်မှာ ဒီသံလွင်တံတားကို ထပ်ဖျက်တယ်။ အဲလိုဖျက်တော့ကော စစ်(--) တွေက ရောက်မလာနိုင်ဘူးလို့ အာမခံနိုင်လား၊ သက်ဆိုင်ရာတပ်တွေ ပြန်သုံးသပ်စေချင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က မြေပြင်အင်အားအပြင် အသေခံဒရုန်းတွေပါ သုံးပြီး တက်လာတဲ့အတွက် လက်ရှိ ဖားဆောင်းနားတဝိုက် တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖားဆောင်းထဲ နောက်ဆုံးကျန်နေတဲ့ ခလရ ၁၃၅ မကျဖို့ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတာ ဖြစ်ပါတယ်။
မောရစ်










