
ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်-ဖားဆောင်း လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်မဲ့ စစ်အာဏာရှင်တပ်ရဲ့ ကြေညာချက်ဟာ လက်တွေ့မကျဘဲ စိတ်ကူးယဉ်ဆန်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပြောခွင့်ရသူ တာအယ်စိုးက ပြောပါတယ်။
လွိုင်ကော်ကနေ ဖားဆောင်းဆီ သွားရာလမ်းတလျှောက်မှာ အနည်းဆုံး မြို့ ၄ မြို့လောက်ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
စစ်တပ်ဟာ အင်အားရာနဲ့ချီအသုံးပြုပြီး အဆင့်မြင့်ဒရုန်းတွေနဲ့အတူ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ထိုးဖောက်ခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ဖားဆောင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
တာအယ်စိုးက “လမ်းပိုင်းတချို့ကိုတော့ သုံးလို့ရတယ်၊ ဒါပေမဲ့ စစ်ကောင်စီက ဒီမြေပြင် စစ်ကြောင်းတွေနဲ့ပဲ စစ်ကြောင်းထိုးပြီးတော့မှ လနဲ့ချီပေါ့နော်၊ ထိုးဖောက်ရတဲ့ လမ်းကြောင်းတွေ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ လမ်းကို ပြန်ဖွင့်ဖို့ဆိုတာကတော့ ဒါ အတော်လေးကို လက်တွေ့မကျဘဲနဲ့ စိတ်ကူးယဉ်ဆန်တဲ့ စဉ်းစားချက်ပဲ ဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
ဒါအပြင် ဖားဆောင်း-ဘောလခဲကြားနဲ့ ဖရူဆို-ဘောလခဲကြား လမ်းပိုင်းတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းတွေဟာ လနဲ့ချီ အချိန်ယူ ထိုးဖောက်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်က ၂၀၂၆ ခုနှစ်ဆန်းပိုင်းမှာ ဖားဆောင်းမြို့ထဲ ဝင်ရောက်နိုင်ခဲ့တဲ့နောက် လွိုင်ကော်-ဖားဆောင်း လမ်းတခုလုံးကို ပြန်ဖွင့်နိုင်တော့မယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဘောလခဲကတဆင့် ဖားဆောင်းဘက်ကို ပြည်ထောင်စုလမ်းမကြီးအတိုင်း အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေပေမဲ့ ကြားဖြတ်တိုက်ခိုက်ခံရလေ့ရှိသလို မော်ချီး သွားရာလမ်းပေါ်က ခဲမဖြူရွာဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။










