
ကရင်နီပြည်နယ်၊ ဒီးမော့ဆို-မော်ချီး-မယ်စဲ့ သွားတဲ့လမ်းမှာ မိုးရာသီအခြေအနေကြောင့် ကားလမ်းတွေ ပျက်ပြီး သွားလာရ ခက်ခဲနေတယ်လို့ ကားမောင်းသူတွေက ဇွန် ၂၂ ရက်မှာ ပြောပါတယ်။
ကားလမ်းတွေပျက်ပြီး သွားလာရခက်ခဲတာက တလနီးပါးလောက် ဖြစ်လာတာကြောင့် ကုန်ကားတွေ သွားလာဖို့ မလွယ်ကူတော့ဘဲ ကုန်စည်စီးဆင်းမှုအတွက်လည်း အခက်အခဲ ဖြစ်လာတယ်လို့ သိရပါတယ်။
ကားသမားတယောက်က “မော်ချီးက ဒီးမော့ဆိုကလာတဲ့ စားသောက်ကုန်တွေကို အားကိုးပြီး စားရတယ်လေ။ အခုလမ်းကြောင်းက မိုးတအားရွာပြီး လမ်းကပျက်တော့ ကားတွေ လိုရာခရီးကို မရောက်ဘဲ အကုန်လုံးပြန်လှည့်ပေါ့။ လမ်းအဆင်မပြေတာ” လို့ ပြောပါတယ်။
ဒီးမော့ဆိုကလာတဲ့ ကုန်တင်ကားတွေက လမ်းပျက်နေတာကြောင့် လမ်းတဝက်ကနေ လှည့်ပြန်ရတာ အစီးရေ ၃၀၊ ၄ဝ အထက်မှာ ရှိနေတယ်လို့ သိရပါတယ်။
မော်ချီးကို ကုန်မရောက်နိုင်တာကြောင့် မော်ချီးဒေသခံတွေနဲ့ မော်ချီးမှာ အလုပ်လုပ်ကြတဲ့ ပြည်သူတွေအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
ကားသွားလာဖို့ အဆင်မပြေလို့ ထွန်စက်တွေနဲ့ လမ်းပြုပြင်နေပေမဲ့လည်း ခုလက်ရှိအထိ အဆင်မပြေနေသေးဘဲ တရက်ထက်တရက် ပိုဆိုးနေတယ်လို့ သိရပါတယ်။
Photo: CJ










