
လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးတကြောမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား နယ်မြေစိုးမိုးရေး အားပြိုင်မှုတွေ ပြင်းထန်နေပြီး အထူးသဖြင့် မိုးဗြဲနဲ့ နန်းမယ်ခုံကြားက ဗျူဟာကျတဲ့ နေရာတွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းလောက်က ကရင်နီရဲ့ ပြည်ထောင်စုလမ်းမကြီးတကြောကို ပြန်ဖွင့်မယ်လို့ စစ်တပ်က နိုင်ငံပိုင်သတင်းစာကနေ ကြေညာခဲ့ပေမဲ့ လက်ရှိ မြေပြင်မှာတော့ စစ်တပ်ဟာ နယ်မြေစိုးမိုးနိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်။
လက်ရှိမှာ လွိုင်ကော်ကနေ နန်းမယ်ခုံအထိ လမ်းပိုင်းဟာ နယ်မြေစိုးမိုးမှု တဝက်စီရှိနေပြီး ပြည်ထောင်စုလမ်းမကြီးတကြော ဖားဆောင်းအထိကိုတော့ စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ အနေအထားမှာ ရှိနေပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကလည်း နန်းမယ်ခုံဒေသကို ကာကွယ်ထားနိုင်ဖို့ ကြိုးစားနေရသလို စစ်ကောင်စီကလည်း နန်းမယ်ခုံကို ရရှိဖို့အတွက် အနီးအနားက တောင်ကုန်းတွေကို စိုးမိုးဖို့ ပြင်ဆင်လာတာ တွေ့လာရတယ်လို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ဆိုပါတယ်။
“လွိုင်ကော်-နန်းမယ်ခုံလမ်းမှာတော့ တဝက်တဝက်ပေါ့၊ တဝက်ကတော့ စစ်ကောင်စီ ထိန်းချုပ်ထားတယ်၊ ဒီဘက်ကတော့ ကျနော်တို့ တော်လှန်ရေးဘက်က ထိန်းချုပ်ထားတယ်။ အဓိကတော့ သူတို့က ဒီနန်းမယ်ခုံကို လိုချင်ရင်တော့ ဆင်တောင်တကြောကို စိုးမိုးရေးလုပ်မဲ့ သဘောမျိုးပေါ့။ အဲ့တောင်ကြောကို သူတို့ရရင်တော့ နန်းမယ်ခုံအတွက်ကတော့ အကျပ်အတည်း ညှပ်ထားသလို ဖြစ်သွားမှာပေါ့။”
စစ်ကောင်စီဟာ ရန်နိုင်မင်း စစ်ဆင်ရေးအတွက် ရိက္ခာနဲ့ စစ်ကူလမ်းကြောင်းတွေ ခိုင်မာစေဖို့ ဆင်တောင်တကြောကို ပြန်ထိန်းပြီး နန်းမယ်ခုံကို စစ်ရေးအရ ကြားညပ်အောင် လုပ်နိုင်တယ်လို့ စစ်ရေးရင်းမြစ်တွေက သုံးသပ်ပါတယ်။
ဆင်တောင်တကြောဟာ နန်းမယ်ခုံမြို့ကို အပေါ်စီးကနေ စိုးမိုးထားနိုင်တဲ့ နေရာဖြစ်သလို လွိုင်ကော်-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းပိုင်းမှာ စစ်ရေးအရ ဗျူဟာကျတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီက ဒီတောင်ကြောကို ထိန်းချုပ်နိုင်သွားရင် နန်းမယ်ခုံမြို့ထဲကို လက်နက်ကြီးပစ်ကူတွေနဲ့ အလွယ်တကူ ခြိမ်းခြောက်နိုင်မှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်သွားနိုင်မှာ ဖြစ်ပါတယ်။
မိုးဗြဲကိုကာနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုလမ်းကြောင်း ပြန်ဖွင့်မဲ့ အစီအစဥ်ဟာ လက်တွေ့မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ထားပြီး မိုးဗြဲနဲ့ နန်းမယ်ခုံကို တပ်ပေါင်းစုတွေ ပေါင်းပြီးကာနေတယ်လို့ ဆိုပါတယ်။
မိုးဗြဲစစ်ရေးရင်းမြစ်က “စစ်ရေးအရ ပြောင်းလဲမှုဖြစ်သွားရင် နိုင်ငံရေးအရလည်း ပြောင်းလဲသွားနိုင်တဲ့ အနေအထားမျိုးတော့ ရှိကောင်းရှိနိုင်မယ်ထင်တယ်။ တချို့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ မူဝါဒတွေကလည်း အဓိက တဖွဲ့နဲ့တဖွဲ့ မတူညီတဲ့ဟာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အနေအထားမျိုးပေါ့၊ စစ်ရေးစစ်ရာနဲ့ပတ်သက်ပြီး ပူးပေါင်းပြီး လုပ်ဆောင်နေတာ အဲလိုမျိုးတော့ရှိတယ်” လို့ ပြောပါတယ်။
စစ်ရေးအရ အသာစီးရဖို့ စစ်ကောင်စီက ကြိုးပမ်းနေသလို တဖက်မှာလည်း မိုးဗြဲနဲ့ နန်းမယ်ခုံကို ကာကွယ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာနေပါတယ်။
မူဝါဒပိုင်းဆိုင်ရာ ကွဲပြားမှုတွေ ရှိနေပေမဲ့ မြေပြင်တိုက်ပွဲတွေမှာတော့ တပ်ပေါင်းစုစနစ်နဲ့ အတူတကွ ခုခံနေကြတာကြောင့် စစ်ကောင်စီရဲ့ ပြည်ထောင်စုလမ်းမကြီး စိုးမိုးရေးစီမံကိန်းဟာ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။
မောရစ်










