DVB Logo
Home
နိုင်ငံတကာ
အီရန် နျူအခြေခံအဆောက်အအုံဖျက်သိမ်းရန် နေတန်ယာဟုပြော၊ အမေရိကန်နှင့် စီးပွားရေး ဆွေးနွေးလိုဟု အီရန်ကမ်းလှမ်း
DVB
·
February 16, 2026
အီရန် နျူအခြေခံအဆောက်အအုံဖျက်သိမ်းရန် နေတန်ယာဟုပြော၊ အမေရိကန်နှင့် စီးပွားရေး ဆွေးနွေးလိုဟု အီရန်ကမ်းလှမ်း
Donate to DVB

အီရန်နဲ့ အမေရိကန် သဘောတူညီချက်တိုင်းမှာ အီရန်ရဲ့ နျူကလီးယား သန့်စင်မှုလုပ်ငန်းစဉ်ကို ရပ်တန့်စေရုံသာမက အခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းရမယ် ဆိုတဲ့အချက်လည်း ပါရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ အီရန်အကြား ဒုတိယအကြိမ် ဆွေးနွေးပွဲကို အခုသီတင်းပတ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

အီရန်ဟာ နှစ်ဖက်စလုံးအတွက် စီးပွားရေး အကျိုးကျေးဇူးတွေရစေမဲ့ နျူကလီးယား သဘောတူညီချက် တရပ်ကို အမေရိကန်နဲ့ အတူဖော်ဆောင်နေတယ်လို့ အီရန်သံတမန်  တယောက်က မနေ့က ပြောပါတယ်။

သဘောတူညီချက်အပေါ် သံသယရှိပေမဲ့ အီရန်က သန့်စင်ထားတဲ့ ပစ္စည်းတွေ အီရန်နိုင်ငံထဲကနေ ထွက်သွားရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းရမယ်လို့ အဓိက အမေရိကန် ဂျူးအဖွဲ့အစည်းတွေရဲ့ ဥက္ကဋ္ဌများ နှစ်ပတ်လည်ညီလာခံမှာ နေတန်ယာဟုက ပြောပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ အီရန်အစိုးရရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာ ကြာနေတဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့နဲ့ စစ်ရေးအရ ရင်ဆိုင်မှုအသစ်ကို ရှောင်ရှားဖို့ အခုလအစောပိုင်းမှာ ဆွေးနွေးပွဲတွေကို ပြန်စခဲ့ကြပါတယ်။

အမေရိကန်က ဒေသတွင်းကို ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစင်း စေလွှတ်ခဲ့ပြီး ဆွေးနွေးပွဲတွေ မအောင်မြင်ရင် ရေရှည်စစ်ရေးလှုပ်ရှားမှုတခု ဖြစ်နိုင်ခြေအတွက် ပြင်ဆင်နေတယ်လို့ အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

နေတန်ယာဟုက အစ္စရေးဟာ ဂါဇာက ဥမင်လိုဏ်ခေါင်းအားလုံးကို ဖျက်ဆီးဖို့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့လည်း ပြောပါတယ်။

အစ္စရေးဟာ ဂါဇာက ဥမင်အရှည် ခန့်မှန်းခြေ ကီလိုမီတာ ၅၀၀ လောက်ထဲက ၁၅၀ ကီလိုမီတာကို ဖြိုဖျက်ပြီးပြီလို့ နေတန်ယာဟုက ပြောပါတယ်။

အမေရိကန်က ပစ္စည်းကိရိယာတွေအတွက် အများဆုံးသုံးတဲ့ တနှစ်ကို ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံရမဲ့ လက်ရှိ ၁၀ နှစ်သက်တမ်းရှိတဲ့ သဘောတူညီချက်က ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးပြီးနောက် လာမဲ့ ၁၀ နှစ်အတွင်း အစ္စရေးအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီကို ရပ်ဆိုင်းဖို့ ရည်ရွယ်ထားတယ်လို့ နေတန်ယာဟုက ပြောပါတယ်။

အမေရိကန်နဲ့ ပြုလုပ်မဲ့ နျူကလီးယားဆွေးနွေးပွဲတွေမှာ ရေနံ၊ သတ္တုတူးဖော်ရေးနဲ့ လေယာဉ်ဝယ်ယူရေး အပါအဝင် စီးပွားရေး သဘောတူညီချက်တွေပါ ရရှိနိုင်ရေး ဆွေးနွေးဖို့ ရှိတယ်လို့ အီရန်ဘက်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒုတိယအကြိမ် ထပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှာဖြစ်ပြီး အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ ထရမ့်ပ်သမက် ဂျရတ်ကုရှ်နာတို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကတော့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ဘက်က သံတမန်ရေးအရ ဖြေရှင်းချင်ပေမဲ့ “အီရန်နဲ့ အောင်မြင်တဲ့ သဘောတူညီချက်ရဖို့ဆိုတာ ဘယ်သူမှ မလုပ်နိုင်ခဲ့သေးတဲ့ကိစ္စဖြစ်ပေမဲ့ ကျနော်တို့ ကြိုးစားသွားပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးမှုတွေသာ မအောင်မြင်ခဲ့ရင် ရေရှည်စစ်ဆင်ရေးတွေလုပ်ဖို့ အမေရိကန်က ပြင်ဆင်နေပြီး နောက်ထပ် လေယာဉ်တင်သင်္ဘောတစင်းကိုပါ အရှေ့အလယ်ပိုင်းဒေသကို ထပ်လွှတ်ထားပါတယ်။

သမ္မတ ထရမ့်ပ်က အီရန်အစိုးရကို အပြောင်းအလဲလုပ်ဖို့ စဉ်းစားနေတယ်လို့လည်း အရိပ်အမြွက် ပြောကြားထားပါတယ်။

အီရန်ဘက်ကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးမယ်ဆိုရင် ယူရေနီယံသန့်စင်မှု လျှော့ချပေးဖို့ အသင့်ရှိနေပေမဲ့ လုံးဝရပ်တန့်ဖို့ကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တကယ်လို့ အီရန်ပိုင်နက်ကိုသာ တိုက်ခိုက်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က သတိပေးထားပါတယ်။

စစ်ရေးခြိမ်းခြောက်မှုတွေအပြင် အီရန်ရဲ့ အဓိကဝင်ငွေဖြစ်တဲ့ တရုတ်နိုင်ငံဆီ ရေနံတင်ပို့နေမှုတွေကိုပါ လျှော့ချဖို့ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး စီးပွားရေးအရပါ ဖိအားပေးဖို့ ပြင်ဆင်နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013