
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း၊ အာချေးပြည်နယ်က ဧရာမ မြေကျွံတွင်းကြီးတခုဟာ အခုနှစ်ထဲမှာ သုံးဟက်တာလောက်အထိ ကျယ်လာပြီး ဒေသခံလယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ခြိမ်းခြောက်နေတယ်လို့ အာချေး စွမ်းအင်နဲ့ သတ္တုအရင်းအမြစ်အေဂျင်စီက ပြောပါတယ်။
အာဏာပိုင်တွေက မြေပြိုမှုတွေ၊ ရေရှည် မြေဆီလွှာရွေ့လျားမှုတွေကြောင့် မြေပြင်က ဆက်ရွေ့နေတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုထဲမှာ အာချေးပြည်နယ်၊ ကီတိုခရိုင်က သီးနှံခင်းတွေကို ဖြတ်ရင်း မတ်စောက်ပြီး အက်ကွဲနေတဲ့ ကျောက်ဆောင်တွေကို တွေ့ခဲ့ရပါတယ်။
ဒေသခံ ဆူမီယာတီက သူ့ငရုတ်သီးစိုက်ခင်းမှာ မြေတွေပျက်စီးသွားပြီး အနာဂတ်မှာ စိုက်ပျိုးဖို့ မသေချာဘူးလို့ ဖေဖော်ဝါရီ ၁၅ ရက်က ပြောပါတယ်။
“အစိုးရက ကျနော်တို့ရဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့ အမှန်တကယ် မျှော်လင့်ပါတယ်။”
ဒေသခံတွေက အစွန်းနဲ့ အလွန်နီးနီးကပ်ကပ် မရောက်အောင် တပ်ဆင်ထားတဲ့ မြေကျွံတွင်းနားက ဘေးကင်းရေး အတားအဆီးတခုနောက်မှာ ရပ်နေရင်းနဲ့ကို မြေအနားသတ်က တရက်အတွင်း မီတာနည်းနည်း ရွေ့သွားတယ်လို့ နောက်ထပ် ဒေသခံ လယ်သမား ဆူပရပ်တိုက ပြောပါတယ်။
ဘူမိဗေဒဆိုင်ရာ အကဲဖြတ်ချက်တွေအရ အောက်ခံ သဲနဲ့ ရွှံ့တွေက မြေအောက်ရေကို အလွယ်တကူ စုပ်ယူလို့ ရုတ်တရက် ပြိုကျတာတွေ ဖြစ်လေ့ရှိပြီး ပေါ်ထွက်နေတဲ့ ကျောက်ဆောင်မျက်နှာတွေမှာ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။
၂၀၂၅ ခုနှစ်နှောင်းပိုင်း ရေကြီးမှုအပြီး မြေကျွံပေါက် ကျယ်လာတာက သိသိသာသာ မြန်ဆန်လာတယ်လို့ ဗဟိုအာချေးဒေသ အုပ်ချုပ်ရေးမှူး ဟေလီ ယောဂက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
စိုက်ပျိုးရေး ဆုံးရှုံးမှုဆိုင်ရာ အချက်အလက်တွေကို ဗဟိုအစိုးရဆီ တင်ပြထားပြီးပြီလို့ သူက ထပ်လောင်းပြောခဲ့ပါတယ်။
ပြိုကျမှုဟာ မြေကျွံပေါက်လို အပြုအမူကို ပြသနေပြီး ရေစီးဆင်းမှုကို မထိန်းချုပ်ရင် ဆက်ပြီး ကျယ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source: Reuters










