
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မာဒါဂါစ်ကာ ကျွန်းနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဂဇာနီ တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ လူပေါင်း ၃၆ ယောက်ထိ မြင့်တက်လာပြီး လူ ၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတော် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မုန်တိုင်းကြောင့် လူဦးရေ ၃ သိန်းနီးပါး ထိခိုက်နစ်နာခဲ့ပြီး မုန်တိုင်းဟာ တနာရီကို ၁၈၅ ကီလိုမီတာ လေတိုက်နှုန်းနဲ့ လေပြင်းအားနှုန်းက ၂၇၀ ကီလိုမီတာနီးပါးအထိ ရှိခဲ့တာကြောင့် ခေါင်မိုးတွေ ပြုတ်ထွက်တာ၊ သစ်ပင်တွေ လဲကျတာနဲ့ လျှပ်စစ်မီး ပြတ်တောက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပြီး အထူးသဖြင့် တိုအာမာစီနာမြို့မှာ ကယ်ဆယ်ရေးနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။
ဒါဟာ ၁၀ ရက်အတွင်း မာဒါဂါစ်ကာကို ဒုတိယအကြိမ်မြောက် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားပြင်းမုန်တိုင်းလည်း ဖြစ်ပါတယ်။ အခု ဂဇာနီ မုန်တိုင်းဟာ မာဒါဂါစ်ကာကနေ မိုဇမ်ဘစ်နိုင်ငံ ကမ်းရိုးတန်းဘက်ကို တောင်ဖက်အရပ်အတိုင်း ဆက်လက်ရွေ့လျားသွားပြီ ဖြစ်ပါတယ်။
မာဒါဂါစ်ကာဟာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကပဲ အပူပိုင်းဆိုင်ကလုန်း “ဖိုင်တီးယား” မုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး လူ ၁၄ ယောက် သေဆုံးကာ လူ ၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်အရ မာဒါဂါစ်ကာဟာ မုန်တိုင်း ၂ ခုဆင့် တိုက်ခတ်မှုကြောင့် ကြီးမားတဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။
Source: Reuters








