DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းက CDM များ အလုပ်အကိုင်နှင့် လုံခြုံရေးအခက်အခဲများ ပိုမိုကျပ်တည်းလာ
DVB
·
February 14, 2026
ပြည်တွင်းက CDM များ အလုပ်အကိုင်နှင့် လုံခြုံရေးအခက်အခဲများ ပိုမိုကျပ်တည်းလာ
Donate to DVB

အာဏာသိမ်း ၅ နှစ်ပြည့်လာတဲ့အထိ ပြည်တွင်းက CDM တွေအနေနဲ့ အလုပ်အကိုင်နဲ့ လုံခြုံရေး အခက်အခဲတွေ ဆက်လက်ကြုံတွေ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းနဲ့ ပိုမိုတင်းကျပ်လာကြောင်း သိရပါတယ်။

အာဏာသိမ်း ၅ နှစ်ကျော်လာချိန်မှာ Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ ဒီနေ့အချိန်အထိ ပြည်တွင်းမှာ စားဝတ်နေရေး၊ လုံခြုံရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ အခက်အခဲတွေကို ဆက်လက်ရင်ဆိုင်နေကြရပါတယ်။

ခရီးသွားလာရာမှာ၊ အလုပ်အကိုင်ရှာဖွေတဲ့အခါတွေမှာ PSMS (Personal Status Management System) စနစ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်လာတာတွေကြောင့် လုံခြုံရေးပြဿနာတွေ၊ အလုပ်မခန့်တာတွေ ရင်ဆိုင်နေရကြောင်း ပညာရေး CDM တယောက်က ပြောပါတယ်။

“ပြည်တွင်းမှာနေတဲ့ CDM တွေ အကုန်လုံးနီးနီးကို အခက်အခဲတွေ ကြုံတွေ့အောင် နည်းအမျိုးမျိုးနဲ့ လုပ်နေတာတွေ တွေ့ရတယ်ပေါ့။ အခုပြောတဲ့ သူတို့ စက်ထဲကို ထည့်စစ်တယ်ဆိုတဲ့ စနစ်ကြောင့် CDM တွေက ခရီးသွားဖို့ကိုလည်း ခက်ခက်ခဲခဲ တွေ့နေတယ်။ ဥပမာ ရန်ကုန်ကနေ ပဲခူးတောင် သွားဖို့ မလွယ်တဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်ပေါ့။ ကျနော်တို့လို ပညာရေးဌာနက CDM တွေဆို ပုဂ္ဂလိကကျောင်းတွေက မခန့်ရဲဘူး ဖြစ်နေတယ်။ နောက်တခါ သူတို့က ပြန်လာခဲ့ပေါ့နော်၊ blacklist ဖြည်ပေးမယ်၊ အကြွေးဆပ်ရမယ် ဆိုတဲ့ ဖိအားပေးနေတာတွေလည်း ကြုံနေရတယ်။”

PSMS စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေကြောင့် CDM တွေ အလုပ်အကိုင်ရရှိဖို့ ပိုမိုခက်ခဲလာတာတွေအပြင် အလုပ်ရရှိထားရင်လည်း ကြိုတင်အကြောင်းကြားတာမရှိဘဲ အလုပ်ကနေ ထုတ်ပယ်ခံရတာတွေလည်း ရှိနေကြောင်း သိရပါတယ်။

လေဆိပ်၊ ကားဂိတ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာဆို ကိုယ်ရေးအချက်အလက် စစ်ဆေးတာတွေ ပိုမို တင်းကျပ်လာတာနဲ့ စနစ်တကျ မှတ်တမ်းတင် စစ်ဆေးတာတွေကြောင့် CDM တွေက တနေရာနဲ့ တနေရာ ခရီးသွားလာခွင့် မလွယ်ကူတော့ဘဲ ပြစ်မှုမှတ်တမ်းရှိတဲ့သူတွေလို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ အရင်ကထက် ပိုမိုရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

နိုင်ငံ့ဝန်ထမ်း CDM တယောက်က “စစ်ကောင်စီက CDM တွေကို  blacklist ဖြည်ပေးမယ်၊ ပြန်ဝင်၊ တဖက်မှာကျတော့ PSMS လို စနစ်တွေနဲ့ ခရီးသွားလာတာကိုတောင် စစ်နေတဲ့အချိန်မှာ ရပ်ရွာဒေသမှာ လုပ်ကိုင်နေထိုင်စားသောက်ဖို့ အဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေလည်း ကြီးတယ်ဆိုတော့ တခြားနေရာကို ထွက်ပြီးတော့ သွားလုပ်ချင်တယ်။ ဒါပေမဲ့ ပြည်ပထွက်ဖို့ဆို ပိုလို့တောင် အခြေအနေမပေးဘူး။ ဘာလို့လဲဆိုတော့ PSMS နဲ့ တိုက်ဆိုင်ပြီး CDM ဆိုရင် ပြည်ပထွက်ခွင့်မရှိတာ၊ ပိတ်ပင်တာတွေ ရှိတယ်လေ။ တော်လှန်ရေးကြာလာတဲ့အချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ တခြားစီးပွားရေးလုပ်ဖို့ ဆိုတာလည်း အဆင်မပြေဘူး။ ရတဲ့အလုပ် ကိုယ့်မှာ တခါမှမလုပ်ဘူးတဲ့ အလုပ်၊ အလုပ်ကြမ်း ဘာညာပေါ့ လုပ်ပြီးတော့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ နေထိုင်စားသောက်ရေးကို ဖြေရှင်းနေရတယ်” လို့ ပြောပါတယ်။

နည်းပညာကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီဟာ ပြစ်မှုကျူးလွန်သူတွေကို စောင့်ကြည့် ခြေရာခံဖို့ဆိုတဲ့ ကာကွယ်ရေးအကြောင်းပြချက်နဲ့ လူထုရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို အသုံးချနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ စစ်ကောင်စီဟာ လူအင်အားအသုံးပြုဖို့ မလိုဘဲ CDM တွေလိုမျိုး နိုင်ငံရေးနဲ့ ဆက်နွှယ်သူတွေကိုပါ စောင့်ကြည့် ခြေရာခံနေတာ ဖြစ်ကြောင်း သုံးသပ်ပြောပါတယ်။

အာဏာသိမ်းစတုန်းက CDM လုပ်ခဲ့သူ ဦးရေ ၂၉၅,၈၀၂ ရှိတယ်လို့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ CDM လုပ်နေဆဲဦးရေက ၁၁၀,၀၀၀ ကျော် ရှိနေဆဲဖြစ်တယ်လို့ NUG ရဲ့ CDM Success Committee က အချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အတည်ပြုနိုင်တဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးခဲ့ရသူ CDM ဦးရေက ၃၅၄ ယောက် ရှိနေပြီလည်း ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013