
၂၀၂၆ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရထားတဲ့ ဖုမ်းကျိုင်းထိုင်းပါတီ ခေါင်းဆောင်လည်းဖြစ် လက်ရှိ ယာယီဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ နိုင်းအနုထင်း ချန်းဝီရကွန်းဟာ နှစ်အတော်ကြာ တွဲလာခဲ့တဲ့ ချစ်သူနဲ့ ဒီကနေ့မနက်မှာ တရားဝင် ထိမ်းမြားလက်ထပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
သူ့ထက် အသက် ၂၀ ငယ်တဲ့ ကြာ ထနာ့နွန်း နိရားမစ် ဆိုသူ မိန်းကလေးနဲ့ ချစ်သူများနေ့အကြို တရက်အလို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ မြို့နယ်မှတ်ပုံတင်ရုံးက တာဝန်ရှိသူတွေကို ဘန်ကောက်စံအိမ်မှာ ဖိတ်ခေါ်ပြီး တရားဝင် လက်မှတ်ရေးထိုးလိုက်တာပါ။
အဆိုပါ လက်မှတ်ရေးထိုးရာမှာ အရင်အိမ်ထောင်နဲ့ ရခဲ့တဲ့ သမီးဖြစ်သူ နိုင်ဖတ် ချန်းဝီရကွန်း၊ သားဖြစ်သူ ဆေရနီး ချန်းဝီရကွန်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် နိုင်းအောလဆစ် ဆမ်ဖန်ရတ် တို့ပါ အသိသက်သေအဖြစ် ပါဝင်ခဲ့ပါတယ်။
ဇနီးဖြစ်သူ ကြာ ထနာ့နွန်းမှာ ထိုင်းတောင်ပိုင်း ရနောင်းဇာတိဖြစ်ပြီး ဘန်ကောက် ထမဆတ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့ပြီး ဇာတိ ရနောင်းမြို့မှာ ကော်ဖီဆိုင်ဖွင့်ထားတယ်၊ ဝန်ကြီးချုပ် အနုထင်း ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့စဉ်က ရနောင်းမြို့ကို ကွင်းဆင်းစစ်ဆေးရာမှာ သူမက ဒေသခံကြိုဆိုရေးအဖွဲ့မှာ ပါပါတယ်၊ အဲဒီနောက် ဝန်ကြီးချုပ်နဲ့ အဖွဲ့ကို သူမတို့ကော်ဖီဆိုင်မှာ ဧည့်ခံခဲ့ပြီး အဲဒီကစ ဝန်ကြီးချုပ်ဟာ ကော်ဖီဆိုင်မှာ မကြာမကြာလာသောက်ရင်း ဖူးစာဆုံသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဟာ အရင်က အိမ်ထောင်နှစ်ဆက်နဲ့ သားသမီး နှစ်ယောက် ထွန်းကားပြီး အရင် အိမ်ထောင်တွေနဲ့ တရားဝင်ပြတ်စဲခဲ့ပြီး ဖြစ်ပါတယ်။ အခုတခေါက်ကတော့ တတိယအကြိမ်မြောက် ထိမ်းမြားလက်ထပ်တာ ဖြစ်ပါတယ်။
သူဟာ မနက်ပိုင်းမှာ လက်ထပ်ထိမ်းမြားပြီး ညနေပိုင်း ၂ နာရီခွဲမှာ ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဖွေ့ထိုင်းပါတီနဲ့ ကနဦး တွေ့ဆုံဆွေးနွေးဖို့ရှိတယ်၊ အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စီမံစီးပွားဝန်ကြီး၊ နိုင်ငံခြားဝန်ကြီးတို့နဲ့လည်း နိုင်ငံ့စီးပွားရေးရာ ဆွေးနွေးဖို့ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: The Nation Online











