DVB Logo
Home
Lead Story
မူဝါဒတွေ ရှင်းလင်းဖို့လိုနေတဲ့ ထိုင်းလိင်လုပ်ငန်း 
DVB
·
February 13, 2026
မူဝါဒတွေ ရှင်းလင်းဖို့လိုနေတဲ့ ထိုင်းလိင်လုပ်ငန်း 
Donate to DVB

ကမ္ဘာပေါ်မှာ ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းပညာလို့ တင်စားကြတဲ့ လိင်အလုပ်အကိုင်ဟာ ထိုင်းလူ့အဖွဲ့အစည်းမှာတော့ လူမှုရေးအရ တားမြစ်ထားတဲ့ ခေါင်းစဉ်တခုအဖြစ် အမြဲတမ်းရှိနေခဲ့တာပါ။ ထိုင်းနိုင်ငံရေးလောကမှာတောင် ဒီအကြောင်းကိုပြောဖို့ ဝန်လေးနေတတ်ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ Pheu Thai၊ People’s Party၊ Movement Party၊ Thai Sang Thai နဲ့ Democrat စတဲ့ နိုင်ငံရေးပါတီ ၅ ခုက လက်ရှိကျင့်သုံးနေတဲ့ ၁၉၉၆ ခုနှစ် ပြည့်တန်ဆာမှု တားဆီးနှိမ်နင်းရေး ဥပဒေကို ဖျက်သိမ်းဖို့ သဘောတူလိုက်ကြပါတယ်။ ဒါက အားတက်စရာ ကောင်းပါတယ်။ သူတို့အနေနဲ့ အခုလို သဘောတူရတာကလည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေလို့ပါ။

ဒီဥပဒေက လက်တွေ့မကျသလို ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ဖြစ်စေလို့ပါပဲ။ ထိုင်းနိုင်ငံမှာ လိင်လုပ်ငန်းဈေးကွက် ဘယ်လောက်ပဲ ကြီးမားကျယ်ပြန့်နေပါစေ ၁၉၉၆ ခုနှစ် ဥပဒေအရတော့ လိင်အလုပ်အကိုင် လုပ်ကိုင်ခြင်းဟာ ရာဇဝတ်မှုတခုအဖြစ် ရှိနေတုန်းပါပဲ။

သေချာတာတခုကတော့ ဥပဒေပြုသူတွေနဲ့ နိုင်ငံရေးသမားတွေမှာ ပြည့်တန်ဆာလုပ်ငန်းကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက်ပေးချင်တဲ့ ရည်မှန်းချက်တခု ရှိနေခဲ့တာ ကြာပါပြီ။ တကယ်တမ်း ဖြစ်လာဖို့ ဝေးကွာနေသေးပေမဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက လိင်အလုပ်အကိုင်ကို “စည်းကမ်းပိုင်းဆိုင်ရာ ပြစ်မှု” အဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။ ဒါဟာ ရာဇဝတ်မှုစာရင်းကနေ ပယ်ဖျက်ဖို့ လမ်းစတခုအနေနဲ့ လုပ်ဆောင်ခဲ့တာပါ။

“စည်းကမ်းပိုင်းဆိုင်ရာ ပြစ်မှု” ဆိုတာကတော့ ကိုယ်ကျင့်တရားဆိုင်ရာ အမှားလုပ်တာမျိုး မဟုတ်ဘဲ အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တာမျိုးကို ဆိုလိုတာပါ။

အဲဒီ စည်းမျဉ်းသစ်အရဆိုရင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားလုံခြုံရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေကပဲ ဒဏ်ငွေရိုက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ ဒီဥပဒေအယူအဆက ထိရောက်တဲ့ ပြောင်းလဲမှုမျိုး မဖြစ်စေခဲ့ပါဘူး။

အလုပ်အကိုင်ရဲ့ တရားဝင်မှုအခြေအနေက မရေမရာ ဖြစ်နေတဲ့အတွက် လိင်အလုပ်သမားတွေဟာ တာဝန်ရှိသူတွေရဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေ၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေနဲ့ ခေါင်းပုံဖြတ်ခံရတာတွေကို မကြာခဏ ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် လုပ်အားခ မမျှတတာ၊ အလုပ်ချိန် ပိုလုပ်ခိုင်းတာနဲ့ အလုပ်ရှင်ရော ဖောက်သည်တွေကပါ နှိပ်စက်တာတွေကို ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို ဖြေရှင်းပေးမဲ့သူ မရှိသလောက်ပါပဲ။

ဆယ်စုနှစ် သုံးခုလောက်ကြာအောင် သုံးစွဲခဲ့တဲ့ ဒီဥပဒေက ခေတ်နဲ့မညီတော့လို့ ပြင်ဆင်ဖို့ လိုအပ်နေတာ ထင်ရှားပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ လိင်အလုပ်သမားတွေ ပါဝင်နေတယ်ဆိုတဲ့ လက်တွေ့အခြေအနေကို ဒီဥပဒေက ထင်ဟပ်နိုင်ခြင်း မရှိပါဘူး။ ပြောရရင် သူတို့ရဲ့ ဝန်ဆောင်မှုတွေဟာ နိုင်ငံတော်အတွက် ဝင်ငွေရှာပေးနေတဲ့ ခရီးသွားလုပ်ငန်းနဲ့ ချိတ်ဆက်နေတာပါ။

ဒီရွေးကောက်ပွဲမှာတော့ အထက်ကပြောခဲ့တဲ့ ပါတီ ၅ ခုလုံးက ထိုင်းနိုင်ငံက လိင်အလုပ်သမားတွေရဲ့ ဘဝတွေနဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေ တိုးတက်လာဖို့ ရည်ရွယ်တဲ့ မူဝါဒတွေကို ထည့်သွင်းထားပါတယ်။

Pheu Thai ပါတီကတော့ လိင်အလုပ်သမားတွေကို အလုပ်သမားဥပဒေအရ လူမှုဖူလုံရေး ခံစားခွင့်တွေ ရရှိစေမယ်လို့ ကတိပေးထားပါတယ်။

ပြည်သူ့ပါတီကလည်း လိင်အလုပ်သမားတွေကို ရာဇဝတ်မှုကျူးလွန်သူအဖြစ်ကနေ ကင်းလွတ်ခွင့်ပေးပြီး သူတို့ရဲ့အခွင့်အရေးတွေကို မြှင့်တင်ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကိုလည်း တွန်းအားပေးမယ်လို့ ကတိပြုထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူ ကန်နဝီ ဆွပ်ဆဲန် ဦးဆောင်တဲ့ ပါတီအသစ်ဖြစ်တဲ့ Movement Party ကလည်း လိင်အလုပ်သမားတွေကို ရာဇဝတ်မှုကနေ ကင်းလွတ်ခွင့်ပေးဖို့ ထောက်ခံထားပါတယ်။ ကန်နဝီက လိင်အလုပ်သမားတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အကြံပြုချက် အမှတ် ၂၀၄ နဲ့အညီ ကာကွယ်စောင့်ရှောက်မှုပေးပြီး တရားဝင် စီးပွားရေးလောကထဲ ရောက်လာအောင် ကူညီပေးမယ်လို့ ကတိပေးထားပါတယ်။

Thai Sang Thai ပါတီကလည်း ရာဇဝတ်မှုကနေ ပယ်ဖျက်ရေးကို ထောက်ခံပြီး လူမှုအသိုက်အဝန်းကြား အသိပညာပေးရေးကို အဓိကထား ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒီမိုကရက်ပါတီကတော့ ၁၉၉၆ ခုနှစ် ဥပဒေဟာ လူကုန်ကူးမှုလို ရာဇဝတ်မှုတွေကို မလျှော့ချနိုင်ဘဲ တရားမဝင်ဈေးကွက်တွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုသာ ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒီပါတီက လိင်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အဓိကထားပါတယ်။ စီးပွားရေးဘက်မှာ ကြည့်မယ်ဆိုရင်လည်း လိင်အလုပ်သမားတွေကို တရားမျှတတဲ့ စာချုပ်စာတမ်းတွေနဲ့ အလုပ်လုပ်ခွင့်ရမဲ့ မူဝါဒတွေကို ထောက်ခံထားပါတယ်။

ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီကတိကဝတ်တွေဟာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ကတိတွေထဲက အစိတ်အပိုင်း သေးသေးလေးတခုသာ ဖြစ်နေတာပါပဲ။ ပါတီအများစုက စားဝတ်နေရေး ပြဿနာတွေဖြစ်တဲ့ အလုပ်သမား လူမှုဖူလုံရေး (လိင်အလုပ်သမားတွေ မကြာခဏ ချန်လှပ်ခံရလေ့ရှိတဲ့အရာ)၊ လုပ်ခလစာ တိုးမြှင့်ရေး၊ ငွေကြေးထောက်ပံ့မှုတွေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုသာ အဓိကထားနေကြတာပါ။

ဒီအချက်ကို "Service Workers in Group Foundation (SWING Foundation)" က စီစဉ်ကျင်းပတဲ့ "Sex (Worker) and the City" ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ တုံ့ပြန်ပုံကို ကြည့်ရင် သိသာပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့တုန်းက ပက်ပုန်း၊ နာနာလမ်းတို့လိုပဲ နာမည်ကြီးတဲ့ အနီရောင်နယ်မြေတခုဖြစ်တဲ့ "Soi Cowboy" မှာ ကျင်းပခဲ့တဲ့ ဒီပွဲကို လိင်အလုပ်သမားတွေရဲ့ တန်းတူညီမျှ အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဦးစီးကျင်းပခဲ့တာပါ။ ပွဲစီစဉ်သူတွေက နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားခဲ့ပေမဲ့ အခုပြောခဲ့တဲ့ ပါတီ ၅ ခုပဲ တက်ရောက်ခဲ့ပါတယ်။

ဒီပါတီ ၅ ခုက ပေးထားတဲ့ ကတိတချို့ဟာ စိတ်ကူးယဉ်ဆန်နေသေးတယ် ဆိုရင်တောင်မှ ထိုင်းလိင်အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးချင်တဲ့ သူတို့ရဲ့ စေတနာမှန်ကိုတော့ ကျနော် တကယ်ပဲ ကြိုဆိုပါတယ်။ ဒီလိုပွဲသေးသေးလေးတခုကို လာတက်ပေးတာက စကားလုံးတွေထက် ပိုပြီး အဓိပ္ပာယ်သက်ရောက်သလို လိင်အလုပ်သမား အသိုက်အဝန်း အတွက်လည်း အများကြီး အဓိပ္ပာယ်ရှိပါတယ်။ သူတို့ရဲ့ စေတနာမှန်ကို အသိအမှတ်ပြုပေမဲ့လည်း ကျနော့်မှာ သံသယဖြစ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။

နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေက "လိင်အလုပ်သမား" လို့ ပြောကြတဲ့အခါ အချိန်ပြည့် လိင်အလုပ်သမားတွေကိုပဲ ဆိုလိုလေ့ရှိပါတယ်။ ဒါပေမဲ့ လိင်အလုပ်အကိုင် ဆိုတာကို အချိန်ပြည့်လုပ်တဲ့ ပုံသေအလုပ်တခုလို့ပဲ သတ်မှတ်လိုက်ရင် လုပ်ငန်းကွင်းဆက်နေရာစုံမှာ ဖြစ်ပျက်နေတဲ့ လက်တွေ့ဘဝကို ထင်ဟပ်နိုင်မှာ မဟုတ်ပါဘူး။

ဥပမာအားဖြင့် အနှိပ်သည်တွေကို ကြည့်ပါ။ တရားဝင်အရတော့ သူတို့ဟာ အနှိပ်ဝန်ဆောင်မှုပေးပြီး အသက်မွေးကြပါတယ်။ တကယ်တမ်းကျတော့ တချို့က ငွေကြေး အခက်အခဲ ရှိတဲ့အခါမျိုးမှာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို ရံဖန်ရံခါ ပေးကောင်း ပေးကြပါလိမ့်မယ်။

ရုံးဝန်ထမ်းတွေတောင်မှ ငွေရေးကြေးရေး ကျပ်တည်းလာရင် အချိန်ပိုင်း လိင်အလုပ်သမားအဖြစ် လုပ်ကိုင်ကြတာမျိုး ရှိပါတယ်။ ဒါဆိုရင် သူတို့ကို လိင်အလုပ်သမားလို့ ခေါ်မလား၊ အလွတ်တန်း လိင်အလုပ်သမားလို့ ခေါ်မလား၊ ဒါမှမဟုတ် ဘယ်အထဲမှ မထည့်ဘူးလား။

ဒီဥပမာတွေကို ကြည့်မယ်ဆိုရင် နောက်တက်လာမဲ့ အစိုးရကသာ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းပညာကို ရာဇဝတ်မှုစာရင်းကနေ ပယ်ဖျက်ဖို့ (သို့မဟုတ်) တရားဝင်ဖြစ်စေဖို့ ရိုးရိုးသားသား ဆန္ဒရှိတယ်ဆိုရင်၊ ဥပဒေပြုသူတွေ အနေနဲ့ ဘယ်သူက လိင်အလုပ်သမား စာရင်းဝင်ပြီး ဘယ်သူက မဝင်ဘူးလဲ ဆိုတာကို မသတ်မှတ်ခင်မှာ ဒီသံသယတွေကို အရင်ဆုံး ရှင်းလင်းဖို့ လိုပါလိမ့်မယ်။

ဒီအလုပ်ရဲ့ သဘောသဘာဝက ရှုပ်ထွေးပြီး ပုံသေကားကျ မရှိပါဘူး။

ဒါ့အပြင် "လိင်အလုပ်အကိုင်" ဆိုတာကို ဆွေးနွေးတဲ့အခါ ဘယ်လိုအလုပ်အမျိုးအစားတွေက ဒီခေါင်းစဉ်အောက်မှာ အကျုံးဝင်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့ လိုပါတယ်။

ကျနော် ဒီအချက်ကို ထောက်ပြရတာက "လိင်အလုပ်အကိုင်" ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ လိင်နဲ့ပတ်သက်တဲ့ အလုပ်အားလုံးကို ထည့်သွင်းလိုက်မယ်ဆိုရင် အရေးကြီးတဲ့ မေးခွန်းတွေ ထွက်လာနိုင်လို့ပါ။ OnlyFans လို ပလက်ဖောင်းတွေက အွန်လိုင်း Content ဖန်တီးသူတွေ (ဒါမှမဟုတ်) လစဉ်ကြေးပေးရတဲ့ Chat Group တွေ လုပ်နေသူတွေကိုရော လိင်အလုပ်သမားအဖြစ် သတ်မှတ်မလား။ သူတို့ကို အွန်လိုင်းကနေ စော်ကားတာတွေ၊ ခွင့်ပြုချက်မရှိဘဲ ရုပ်သံတွေ ပေါက်ကြားတာတွေကနေ ကာကွယ်ပေးဖို့ ဘယ်လိုမူဝါဒတွေ လိုအပ်မလဲ။

နောက်တချက်က ဥပဒေပြုသူတွေအနေနဲ့ လိင်လုပ်ငန်းဈေးကွက်ထဲက အလွှာစုံတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေထဲမှာ လိင်အလုပ်သမားတွေလည်း ပါဝင်နေပါတယ်။ နိုင်ငံခြားသားတွေက ထိုင်းလိင်အလုပ်သမားတွေရဲ့ အလုပ်အကိုင်တွေကို လာလုနေတယ်ဆိုတဲ့ မကျေနပ်ချက်တွေလည်း တိတ်တဆိတ် ရှိနေပါတယ်။

ဒါ့အပြင် တချို့က ထိုင်းနိုင်ငံရဲ့ လိင်လုပ်ငန်းမှာ ဝင်လုပ်ဖို့အတွက် ခရီးသွားဗီဇာကို အလွဲသုံးစား လုပ်တာတွေ ရှိသလို တချို့ကျတော့လည်း လုပ်ခလစာ မမျှတတာ၊ အလုပ်ချိန် အလွန်အကျွံ ခိုင်းစေခံရတာ စသဖြင့် အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာကို ခံနေကြရပါတယ်။

လိင်အလုပ်အကိုင်ကို ရာဇဝတ်မှုကနေ ပယ်ဖျက်သည်ဖြစ်စေ၊ တရားဝင် လုပ်ပေးသည်ဖြစ်စေ၊ နောက်တက်လာမဲ့ အစိုးရအနေနဲ့ ဒီအုပ်စုအတွက်ပါ မူဝါဒတွေ ချမှတ်ပေးဖို့ လိုပါတယ်။ နိုင်ငံခြားသား လိင်အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတာနဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှတအောင် လုပ်ဆောင်ရမှာပါ။

နောက်တက်လာမဲ့ အစိုးရအနေနဲ့ လိင်အလုပ်သမားတွေ လူမှုဖူလုံရေး ခံစားခွင့်ရအောင်လည်း သေချာပေါက် လုပ်ဆောင်ပေးရပါမယ်။ ဒါကတော့ ပြောစရာတောင်မလိုပါဘူး။

နောက်ထပ် အဓိကကျတဲ့ ကိစ္စတခုကတော့ အသက်ကြီးလာတဲ့ လိင်အလုပ်သမားတွေကို တသက်တာ ဘယ်လို ကာကွယ်စောင့်ရှောက်ပေးမလဲ ဆိုတာပါပဲ။ သူတို့ဘဝတခုလုံးကို ဒီလုပ်ငန်းထဲမှာပဲ မြှုပ်နှံထားခဲ့တဲ့ သက်ကြီး လိင်အလုပ်သမားတွေ အများကြီး ရှိနေပါတယ်။

ပတ္တရားမှာ ကျနော် ကွင်းဆင်းသတင်းယူတုန်းက တွေ့ရှိချက်အရ သူတို့တော်တော်များများဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ပညာရေး အကန့်အသတ် ရှိတာကြောင့် အသက်ကြီးလာတဲ့အခါ ဘဝသစ် ပြန်စဖို့ မလွယ်ကူသလို ငယ်ရွယ်နုပျိုတဲ့ ကလေးတွေနဲ့ ယှဉ်ပြိုင်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ တချို့ဆိုရင် ကိုယ့်ဇာတိပြန်ဖို့တောင် ငွေတပြားမှ မပါဘဲ ပြန်သွားရတာမျိုးတွေ ရှိပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါလိုမျိုး ကမ္ဘာလုံးဆိုင်ရာ အနှောင့်အယှက်တွေ ဖြစ်လာတဲ့အခါ အခြေအနေက ပိုဆိုးသွားပါတယ်။ ဝင်ငွေမရှိ၊ နည်းပညာ ကျွမ်းကျင်မှုမရှိ၊ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့တဲ့အတွက် ဒီလို လိင်အလုပ်သမားတွေဟာ ထိခိုက်လွယ်ဆုံး လူတန်းစားတွေ ဖြစ်သွားကြပါတယ်။

အလားတူ အကျပ်အတည်းမျိုး ထပ်ဖြစ်လာရင် သူတို့ ဘယ်လို အသက်ဆက်ကြမလဲ။

ဒါတွေက လိင်အလုပ်သမား ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး လိင်အလုပ်သမားတွေကိုယ်တိုင် ကြုံတွေ့ရမဲ့ စိုးရိမ်စရာ အချက်တချို့ပဲ ရှိပါသေးတယ်။

နေစရာအတည်တကျမရှိတဲ့ အိမ်ခြေမဲ့ လိင်အလုပ်သမားတွေအကြောင်း (သူတို့ရဲ့ နောက်ခံအကြောင်းတရားတွေက ပိုလို့တောင် ရှုပ်ထွေးပါသေးတယ်)၊ ဈေးနှုန်း အတက်အကျ ကြမ်းပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ ဈေးကွက်ထဲက စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကိုတောင် ကျနော် မပြောရသေးပါဘူး။

ဒါကြောင့် ဥပဒေအရ ဘယ်လိုပဲ ချဉ်းကပ်ဆောင်ရွက်သည်ဖြစ်စေ ထိုင်းနိုင်ငံရဲ့ လိင်လုပ်ငန်းနဲ့ သက်ဆိုင်သူတိုင်းကို ကာကွယ်ပေးနိုင်ဖို့အတွက် ပြည့်စုံကျယ်ပြန့်ပြီး ရှင်းလင်းတိကျတဲ့၊ အားလုံးပါဝင်နိုင်မဲ့ မူဝါဒတွေ လိုအပ်နေပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

ပေါ်ရာမက် တန်းဆာထာပွန်း

Ref: Bangkok Post

(ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Poramet Tangsathaporn ရေးသားထားသည့် “Decriminalising sex work needs clarity” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013