
အာဏာသိမ်း စစ်အုပ်စုအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က စတင်ကာ အကျဉ်းသားထောင်ပေါင်းများစွာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဖြစ်သလို ဖိလစ်ပိုင်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွှတ်ပေးဖို့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ရှေ့ရှုလုပ်ဆောင်တဲ့ အပြုသဘောဆောင်မှုအဖြစ်၊ အားလုံးပါဝင်နိုင်တဲ့ အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲတွေဆီ ဦးတည်တဲ့ အစပျိုးခြေလှမ်းအဖြစ် မျှော်လင့်စောင့်စားနေ ကြတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီလုပ်ဆောင်ချက်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဒီအပေါ် အခြေခံတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အကောင်အထည်ဖော်တာနဲ့လည်း ကိုက်ညီမှုရှိမယ်လို့ ဆိုပါတယ်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင် မြန်မာ တော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။
ဒီတွေ့ဆုံမှုဟာ အာဆီယံရဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့ ရည်ရွယ် ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ အဓိကအားဖြင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
ဒီနိုင်ငံရေးဆွေးနွေးပွဲကိုတော့ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူကျွန်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ တပတ်အလိုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အစည်းအဝေးကို ဘယ်အချိန်မှာ ကျင်းပခဲ့တယ်၊ ဘယ်အဖွဲ့တွေ တက် ရောက်ခဲ့တယ် ဆိုတာကိုတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရိုဟာ ဇန်နဝါရီ ၁၄ ရက်ကလည်း နေပြည်တော်ကို သွားရောက်ကာ မြန်မာစစ် ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အခုလို မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။










