
အင်ဒိုနီးရှားနိုင်ငံ၊ ပါပူဝါပြည်နယ်တောင်ပိုင်းက ခွဲထွက်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့ ဘိုဗန်ဒီဂူးလ် နယ်မြေရှိ ကိုရိုးဝိုင်းလေဆိပ်ကို ဆင်းသက်လာတဲ့ အရပ်ဘက်သုံး လေယာဉ်ငယ်တစင်း ပစ်ခတ်ခံရပြီး လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူး ၂ ယောက်စလုံး ဖေဖော်ဝါရီ ၁၁ ရက်မှာ သေဆုံးသွားခဲ့ပါတယ်။
စမတ်လေကြောင်းကုမ္ပဏီပိုင် အသေးစားလေယာဉ်ပေါ်မှာ ခရီးသည် ၁၃ ယောက်လိုက်ပါလာပြီး ပစ်ခတ်မှုဖြစ်ပွားချိန်မှာ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေဟာ လေယာဉ်ပေါ်ကဆင်းကာ အနီးအနားက တောအုပ်ထဲကို ထွက်ပြေးခဲ့ကြပေမဲ့ လေယာဉ်မှူး ၂ ယေက် ကတော့ သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကာဟျိုဆူကာနီတိုက ပြောပါတယ်။ ကျန်ခရီးသည်အားလုံးကတော့ ဘေးကင်းပါတယ်။
အဲဒီနေ့မှာပဲ သီးခြားဖြစ်ရပ်တခုအနေနဲ့ ပါပူဝါလွတ်မြောက်ရေးလှုပ်ရှားမှု သူပုန်အဖွဲ့ဟာ အမေရိကန် သတ္တုတူးဖော်ရေးလုပ်ငန်းစုဖြစ်တဲ့ ဖရီးပေါ့ထ်- မက်မိုရန် ကုမ္ပဏီယာဉ်တန်းကို တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်သည်တယောက် သေဆုံးပြီး အရာရှိတယောက်နဲ့ ကုမ္ပဏီဝန်ထမ်းတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားစစ်တပ်က ထုတ်ပြန်ပါတယ်။
သယံဇာတကြွယ်ဝတဲ့ ပါပူဝါဒေသဟာ ၁၉၆၉ ခုနှစ် ကုလသမဂ္ဂကြီးကြပ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲနောက်ပိုင်း အင်ဒိုနီးရှားထိန်းချုပ်မှုအောက် ရောက်ရှိခဲ့တာပါ။
ဒါပေမဲ့ ဒီဖြစ်စဉ်အပေါ် သဘောမတူတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား ဆယ်စုနှစ်ချီ ပဋိပက္ခတွေ ဖြစ်ပွားနေပြီး အခုနောက်ပိုင်းမှာတော့ သေဆုံးမှုတွေ ပိုမိုများပြားလာနေပါတယ်။
Photo:Reuters










