
ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ လူနေထိုင်ခွင့် (BCC) မကျသေးဘဲ ဆောက်လုပ်ထားတဲ့ ကန်ထရိုက်တိုက် ၃၀ ကျော်ကို စစ်အာဏာရှင်လက်အောက်ခံ စည်ပင်က ပိတ်သိမ်းလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စမ်းချောင်းမြို့နယ်ရဲ့ ရပ်ကွက် ၇ ခုမှာ ကန်ထရိုက် တင်ဝင်းက လူနေထိုင်ခွင့်မလျှောက်ဘဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။
စမ်းချောင်းမှာနေထိုင်သူတယောက်က “အခုစည်ပင်က စာလာကပ်သွားပြီ။ သူ ဆောက်ထားတဲ့ တိုက်တွေမှာ။ ကြိုပွိုင့်စနစ်တွေနဲ့ အကုန်ရောင်းထားတာ။ တချို့အခန်းတွေဆိုရင် လူတွေတောင် နေနေပြီ။ စည်ပင်က စာလာကပ်သွားတော့ သူတို့လည်း တိုင်ပတ်ကုန်တာပေါ့။ ဖယ်ပေးရမှာ။ အခု အုပ်ချုပ်ရေးမှူးတွေကိုလည်း ဖမ်းသွားတယ်။ မြေရှင်တွေရော ကန်ထရိုက်ပိုင်ရှင်ကိုရော ဖမ်းသွားတာ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စမ်းချောင်းမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက် ၇ ခုက အုပ်ချုပ်ရေးမှူးတွေနဲ့ ကန်ထရိုက် တင်ဝင်းကို စသုံးလုံးက စစ်ကြောရေးမှာ စစ်နေတယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ်ရှိ ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ မုန့်လက်ဆောင်းကုန်း(တောင်)၊ သံတံတားရပ်ကွက်၊ လင်းလွန်း(မြောက်)၊ လင်းလွန်း(တောင်) ရပ်ကွက်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်တဲ့ အဆောက်အအုံ ၃၂ လုံးရှိပြီး ယင်းအဆောက်အအုံ အကုန်လုံးကို ကန်ထရိုက်တင်ဝင်းက ဆောက်လုပ်တာလို့ သိရပါတယ်။
BCC (အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ်/လူနေထိုင်ခွင့်) မကျသေးဘဲ အဆောက်အအုံ ဆောက်လုပ်တာ ဒါမမဟုတ် ဝင်ရောက်နေထိုင် အသုံးပြုတာ ပြုလုပ်ပါက သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီရဲ့ တည်ဆောက်ရေးဥပဒေတွေအရ နေ့စဉ် ငွေဒဏ်တွေ ပေးဆောင်ရတာ၊ မီးနဲ့ မီတာချိတ်ဆက်ခွင့် ပိတ်ပင်ခံရတာနဲ့ တရားဝင်အသိအမှတ်မပြုဘဲ အရေးယူခံရ နိုင်ပါတယ်။











