
အိန္ဒိယသမုဒ္ဒရာအတွင်းက မာဒါဂတ်စ်ကာကျွန်းနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဂဇာနီ တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ မူလ ၉ ယောက်ကနေ အယောက် ၂၀ အထိ မြင့်တက်လာပြီလို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံးက ထုတ်ပြန်လိုက်ပြီး နိုင်ငံဟာ မုန်တိုင်းရဲ့ ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ဂဇာနီမုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ ၁၈၅ ကီလိုမီတာလောက်အထိ အရှေ့ဘက်ကမ်းရိုးတန်းကို ဆက်လက်တိုက်ခတ်နေပြီး လေတိုက်ခတ်နှုန်းအရှိန် အမြင့်ဆုံးမှာ ကီလိုမီတာ ၂၇၀ နီးပါးအထိ ရောက်ရှိခဲ့ပါတယ်။
အဲဒီလို ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးသံပြားတွေ ပြုတ်ထွက် ဝဲပျံသွားကာ သစ်ပင်ကြီးတွေပါ အမြစ်အထိ လဲကျသွားခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းကို မဝင်ရောက်ခင်မှာပဲ အာဏာပိုင်တွေဟာ ကျောင်းတွေကို ပိတ်ထားလိုက်ပြီး အရေးပေါ်ခိုလှုံရာနေရာတွေ ပြင်ဆင်ဖို့ အလျင်စလို လုပ်ဆောင်ခဲ့ကြပါတယ်။
မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတဲ့ တိုအာမာစီနာမြို့မှာဆိုရင် မုန်တိုင်းအရှိန် မပြင်းခင်ကတည်းက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး လမ်းမတွေပေါ် ရေလျှံခဲ့တာပါ။
လေပြင်းဒဏ်ကြောင့် နေအိမ်တွေ ပြိုကျတာ၊ နံရံတွေ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့သလို လျှပ်စစ်မီးကြိုးတွေ ပြတ်တောက်သွားတာကြောင့် မြို့ကွက်တခုလုံး မှောင်မိုက်သွားခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာတော့ မာဒါဂတ်စ်ကာ မိုးလေဝသဌာနက ဂဇာနီ ဆိုင်ကလုန်းဟာ အားပျော့သွားပြီး အလယ်အလတ်စား အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီလို့ အတည်ပြုပါတယ်။
လက်ရှိမှာတော့ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ကာ မြို့တော် အန်တာနာနာရီဗိုရဲ့ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာကနေ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပါတယ်။
Source: Reuters








