DVB Logo
Home
နိုင်ငံတကာ
ဂါဇာစီးတီးရှိ အကြီးမားဆုံး အမှိုက်ပုံကြီးကို ကုလသမဂ္ဂ စတင်ဖယ်ရှား
DVB
·
February 12, 2026
ဂါဇာစီးတီးရှိ အကြီးမားဆုံး အမှိုက်ပုံကြီးကို ကုလသမဂ္ဂ စတင်ဖယ်ရှား
Donate to DVB

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ဟာ ဂါဇာစီးတီးရဲ့ ရှေးအကျဆုံး စီးပွားရေးရပ်ကွက်ကြီးကို ဝါးမျိုဖုံးအုပ်ထားပြီး ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်နေတဲ့ စစ်အတွင်း စုပုံကျန်ရှိခဲ့တဲ့ အမှိုက်တောင်ကြီးကို ဖေဖော်ဝါရီ ၁၁ ရက်မှာ စတင်ဖယ်ရှားရှင်းလင်းနေပါတယ်။

၂၀၂၃ ခု အောက်တိုဘာလ စစ်ပွဲစတင်ကတည်းက စုပုံလာတဲ့ ဒီအမှိုက်တောင်ကြီးဟာ ပါလက်စတိုင်းရဲ့ အဓိက မြို့ထဲမှာ တချိန်က စည်ကားခဲ့တဲ့ ဖရာ့စ် ဈေးနယ်နိမိတ်ကိုတောင် ကျော်လွန်နေပြီး အမှိုက်ပမာဏ ကုဗမီတာ ၃ သိန်းကျော် ရှိပြီးတော့ အမြင့် ၁၃ မီတာ (၄၃ ပေလောက်) အထိ ရှိနေပြီလို့ UNDP ဂါဇာရုံးအကြီးအကဲ အလက် န်ဒရို မရာကစ် က ပြောပါတယ်။ 

အစ္စရေးနယ်စပ်အနီးရှိ ဂါဇာရဲ့ အဓိကအမှိုက်စွန့်ပစ်ရာ ဂျူရာလ်ဒစ် ဒေသဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေခဲ့ပြီး မြူနီစီပယ်အဖွဲ့တွေ သွားရောက်လို့ မရတော့တာကြောင့် မြို့လယ်ခေါင်မှာပဲ ဒီလောက်ကြီးမားတဲ့ ဧရာမအမှိုက်ပုံကြီး ဖြစ်လာခဲ့တာပါ။ 

UNDP ဟာ လာမယ့် ၆ လအတွင်း အမှိုက်တွေကို ဂါဇာမြို့တောင်ဘက် အဘူဂျရဒ် ဒေသမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံချိန်စံညွှန်းတွေနဲ့အညီ  ပြင်ဆင်တည်ဆောက်ထားတဲ့ ယာယီအမှိုက်ပုံနေရာအသစ်ကို ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်။ 

ဒီစီမံကိန်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေနဲ့ ဥရောပသမဂ္ဂ (EU) တို့က ထောက်ပံ့ပေးထားတာပါ။

ဂါဇာမြို့တော်ဝန်ရုံးကလည်း UNDP နဲ့ ပူးပေါင်းကာ မြို့လယ်ခေါင်မှာ စုပုံနေတဲ့ အမှိုက် ကုဗမီတာ ၃ သိန်းလောက်ကို ဖယ်ရှားတာဟာ ပိုမိုဆိုးရွားလာနေတဲ့ အမှိုက်ပြဿနာကို ထိန်းချုပ်နိုင်ဖို့ အရေးပေါ်လိုအပ်ချက်တရပ်ဖြစ်တယ်လို့ အတည်ပြုပြောကြားပါတယ်။ 

စစ်မဖြစ်ခင်က လူဦးရေ ၆ သိန်းနီးပါးကို အစားအစာ၊ အဝတ်အထည်နဲ့ အိမ်သုံးပစ္စည်းတွေ ဖြန့်ဝေရောင်းချပေးခဲ့တဲ့ ဖရာစ်စ်ဈေးဟာ အမှိုက်တွေအောက်မှာ တနှစ်ကျော်ကြာ နစ်မြုပ်နေခဲ့ရပါတယ်။ 

ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ဒီအမှိုက်ပုံကြီးကြောင့် ရောဂါဘယနဲ့ ပိုးမွှားတွေ ပြန့်ပွားနေတဲ့အတွက် အခုလို ဖယ်ရှားတာဟာ အလွန်အရေးကြီးတဲ့ ခြေလှမ်းတခုလို့ ဆိုထားပါတယ်။

UNDP အဆိုအရ စစ်ပွဲကာလအတွင်း ဂါဇာတဝန်း အမှိုက်တန်ချိန် ၅ သိန်း ၇ သောင်းကျော် သိမ်းဆည်းနိုင်ခဲ့ပြီး ယာယီအမှိုက်ပုံ အရေအတွက်ကိုလည်း ၁၄၁ နေရာမှ ၅၆ နေရာအထိ  လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိအသုံးပြုနိုင်တဲ့နေရာမှာ ၁၀ နေရာမှ ၁၂ နေရာသာ ကျန်ရှိနေပြီး အဓိက အမှိုက်ပစ်နယ်မြေ ၂ ခုမှာလည်း အခုထိ ဝင်ရောက်လို့ မရသေးတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရမှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013