
ဂီနီနိုင်ငံ မြို့တော် ကိုနာကရီမှာ မိုးသည်းထန်ပြီးနောက် အမှိုက်ပုံကြီး ပြိုကျကာ အနီးက တဲအိမ်တွေကို ဖုံးလွှမ်းမြှုပ်နှံခဲ့တာကြောင့် လူ ၃၀ သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဖြစ်စဉ်ဟာ ဩဂုတ် ၂၃ ရက် ဒေသစံတော်ချိန် မနက် ၂ နာရီဝန်းကျင်က ကိုနာကရီမြို့ Gbessia ရပ်ကွက် Dar-es-Salam အမှိုက်ပုံမှာ ဖြစ်ပွားခဲ့တာပါ။
ဒဏ်ရာရသူတွေထဲမှာ ၆ ယောက်က အပြင်းအထန် ဒဏ်ရာရပြီး ၁၆ ယောက်ကတော့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။
ပြိုကျလာတဲ့ အမှိုက်တောင်ကြီးဟာ အနီးက တဲအိမ်တွေနဲ့ နေအိမ်တွေကို တိုက်ရိုက်ဖုံးလွှမ်းခဲ့ပြီး တိုက်အဆောက်အအုံတလုံးကိုပါ မြှုပ်နှံနိုင်လောက်အောင် ကြီးမားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
စစ်တပ် အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေက မြေတူးစက်တွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားပြီး ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။
အခုအမှိုက်ပုံဟာ မိုးရာသီမှာ မြေပြိုမှုအန္တရာယ်ရှိတာကြောင့် မဖြစ်ခင် ရက်ပိုင်းအလိုမှာပဲ ပိတ်သိမ်းပြီး အမှိုက်တွေကို ကိုနာကရီမြို့ပြင် ရွှေ့မယ်လို့ အစိုးရက ကြေညာထားပါတယ်။
ကလေး ၅ ယောက်စလုံး သေဆုံးခဲ့တဲ့ စီရီ ဒီယာလို ကတော့ “ကျမရဲ့ ကလေးတွေအားလုံး ဆုံးရှုံးလိုက်ရပြီ။ ဘုရားသခင်ကိုပဲ ယုံကြည်အားကိုးနိုင်တော့တယ်” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။











