
ဘိုလီးဗီးယား သန့်ရှင်းရေးလုပ်သားတွေဟာ လုပ်ခလစာတိုးပေးဖို့ သပိတ်မှောက်နေတာ သီတင်း ၂ ပတ် ကြာလာတာကြောင့် ဩဂုတ် ၂၅ ရက်က လာပက်စ်မြို့တော်ရဲ့လမ်းမတွေပေါ်မှာ အမှိုက်တွေ ပုံနေပြီး အနံ့ဆိုးတွေ ထွက်နေပါတယ်။
လာပက်စ်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ လာပက်စ်လင်မ်ပီယာ အမှိုက်သိမ်းကုမ္ပဏီက ဝန်ထမ်းတွေဟာ လောင်စာဆီကုန်ကျစရိတ် မြင့်တက်လာတာကြောင့် လုပ်ခလစာ တိုးပေးဖို့နဲ့ စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုအပေါ် ဝန်ဆောင်ခ နှုန်းထား ပြင်ဆင်ပေးဖို့ မြို့တော်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တာကြောင့် အင်္ဂါနေ့မှာ သန့်ရှင်းရေးဝန်ထမ်းတွေက အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားမယ်လို့ အတည်ပြုပါတယ်။
သပိတ်ကို ဆက်မှောက်နေကြတာကြောင့် လမ်းမတွေ၊ ဆေးရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနားမှာ အမှိုက်တွေ စုပုံနေပြီး အနံ့ဆိုးတွေထွက်ကာ တိရစ္ဆာန်တွေပါ စုဝေးလာကြပါတယ်။
ဒီသပိတ်ကြောင့် မြို့တော်စည်ပင်က အရေးပေါ် အမှိုက်သိမ်းစနစ်ကို စတင်ခဲ့ပြီး၊ ဩဂုတ် ၂၂ ရက် ကတည်းက မြို့တော်ဝန်ထမ်း၊ မြို့ခံနဲ့ စေတနာ့ဝန်ထမ်း ၄,၀၀၀ ကျော်အပြင် စက်ယန္တရား၊ မော်တော်ယာဉ်တွေကိုသုံးပြီး အမှိုက်တွေ လိုက်ရှင်းခဲ့တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လာပက်စ်မြို့တော်ဝန် ဆေးဆာဒေါ့ခ်ဝိုင်လာက “စာချုပ်မှာ ဘယ်လိုအကြောင်းနဲ့မှ အမှိုက်သိမ်း ဝန်ဆောင်မှုကို မရပ်ဆိုင်းရဘူးလို့ အတိအလင်း ပါပြီးသားဖြစ်ပေမဲ့ ခုတော့ ဝန်ဆောင်မှု ရပ်ဆိုင်းသွားပြီ။ ပုံမှန်ဆို အမှိုက်သိမ်းကားကြီးတွေနဲ့ သိမ်းရမှာကို အခုတော့ ဒီလုပ်ငန်းအတွက် သိပ်မကိုက်ညီတဲ့ မြေတင်ကားတွေနဲ့ သိမ်းနေရတယ်။ ပုံမှန်ဆို ကျွမ်းကျင်ဝန်ထမ်းတွေ လုပ်ရမှာကို အခုတော့ အတွေ့အကြုံမရှိတဲ့သူတွေနဲ့ လုပ်နေရတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီနေ့အထိတော့ စည်ပင်အနေနဲ့ စွန့်ပစ်အမှိုက် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကို သိမ်းဆည်းပေးနိုင်ခဲ့ပါတယ်လို့လည်း ဆိုပါတယ်။











