DVB Logo
Home
မြန်မာသတင်း
၈၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့ ဆန္ဒပြ
DVB
·
March 27, 2026
၈၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့ ဆန္ဒပြ
1 / 6
Photo : သုတချမ်းသာ
Donate to DVB

၈၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကို ဒေသစံတော်ချိန် မတ် ၂၆ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးနဲ့ တရုတ်သံအမတ် နေအိမ်ရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

စစ်ကောင်စီရဲ့ ဖက်ဆစ်ဝါဒအပြုအမူတွေကို လက်မခံဘဲ စစ်ကောင်စီလက်အောက်ခံ သံရုံးတာဝန်ရှိသူတွေ ပြည်သူ့ဘက် အမြန်ကူးပြောင်းကြဖို့ ဆန္ဒပြသူတွေက တိုက်တွန်းပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးကျော်ကျော်မောင်က “ကျနော်တို့ငယ်ငယ်တုန်းက တော်လှန်ရေးနေ့ဆိုတာ ကျနော်တို့ အရမ်းပျော်ရတဲ့နေ့ပေါ့။ အဲ့ဒီကနေပြီးမှ သူတို့ နာမည် ပြောင်းလိုက်ပြီးတော့ သူတို့နာမည်ကို ကျနော်က မပြောချင်တော့ဘူး၊ ဘာလို့လဲဆို သူတို့နာမည်ကို ကျနော်တို့မကြိုက်တဲ့အတွက် တော်လှန်ရေးနေ့ဟာ တော်လှန်ရေးနေ့ပါပဲ” လို့ ပြောပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးလွင်ဇော် က “စစ်မှန်တဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ စစ်သားတွေနဲ့ ပြုပြင်ပြောင်းလဲရေး ပြန်ကိုပြန်လုပ်ရမယ့် တော်လှန်ရေးပဲ၊ ဒီနေ့ နွေဦးတော်လှန်ရေးက ဒီကောင်တွေကို ရှင်းထုတ်ပစ်ရမယ်၊ ဒီကောင်တွေဟာ အမှိုက်သရိုက်တွေ။ တိုင်းပြည်အတွက် လုံးဝကို သုံးစားမရတဲ့ကောင်တွေ၊ စိတ်ဓာတ်လည်း အညံ့စားတွေ၊ ဘယ်သူနဲ့မှ လက်တွဲလို့မရတဲ့ကောင်တွေ၊ ဒီကောင်တွေကို ကျနော်တို့ လက်မခံဘူး” လို့ ပြောပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးဇော် က “နေဝင်းလုပ်ခဲ့တဲ့ အကြံအစည်နဲ့ ဒီကောင်တွေက ဆက်လက်ရပ်တည်ပြီးတော့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လုပ်ပြီး အခုထိလည်း တိုင်းပြည် အပေါ်မှာ ယုတ်မာပက်စက်ပြီးတော့ အကြမ်းဖက် မီးရှို့၊ ဓားပြတိုက်၊ လူသတ် အမျိုးမျိုး လုပ်နေတာတွေဟာ လုံးဝခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး။ ဒီကောင်တွေက တပ်မတော် မဟုတ်ဘူး သူပုန်တွေ၊ သူခိုးတွေ၊ ဓားပြတွေ၊ လူယုတ်မာတွေ” လို့ ပြောပါတယ်။

စစ်အာဏာရှင်အဆက်ဆက်ကို ဒီမိုကရေစီလိုလားတဲ့ လူငယ်မျိုးဆက်တွေက ခေတ်အဆက်ဆက် တွန်းလှန်ဖို့ ကြိုးစားခဲ့ကြတာပါ။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ကောင်စီက ဖက်ဆစ်ဝါဒနည်းလမ်းစုံနဲ့ အကြမ်းဖက်ခဲ့တာကြောင့် အချိန် ၅ နှစ်ကျော်ကာလအတွင်း ပြည်သူ ၈၀၀၀ နီးပါး အသက်ပေးခဲ့ရပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေးက “သတင်းစကားပေးချင်တာကတော့ ကျနော်တို့တွေ လုံးဝလျှော့လို့မရဘူး၊ ကျနော်တို့ ဒီတော်လှန်ရေးကို ပြတ်အောင်ဖြတ်မယ်၊ ကျနော်တို့ရဲ့ညီညွတ်မှု အလျှော့မပေးမှုတွေနဲ့ နိုင်ကိုနိုင်ရမယ်လို့ ဒီနေ့ သန္နိဋ္ဌာန်လာပြုတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေ က “ကျနော်တို့ပြည်ပမှာရှိတဲ့ တိုင်းရင်းသာ း ညီအစ်ကို မောင်နှမ အားလုံးပေါ့နော် ဘယ်တော့မှ အားမလျှော့ဘူး။ ၆ နှစ်လည်း အားမလျှော့ဘူး၊ ၇ နှစ်လည်း အားမလျှော့ဘူး၊ ကျနော်တို့ သေတဲ့အထိ အားမလျှော့ပါဘူးလို့၊ တောင့်ထားပါ၊ ကျနော်တို့ နိုင်ကိုနိုင်ရမယ်” လို့ ပြောပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါ်နီနီဝေက “တောထဲမှာရှိတဲ့ ကလေးတွေ၊ ပြည်တွင်းမှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေကိုလည်း ကျမတို့ ဆက်လက်ပြီးတော့ ထောက်ပို့တွေ လုပ်သွားမှာပါ။ မမှိတ်မသုန် ချီတက်သွားမှာပါ၊ အောင်မြင်သည်အထိ လက်တွဲညီညီနဲ့ ဆက်လက်တိုက်ပွဲဝင် သွားပါမယ်လို့ ကျမ ဒီနေရာကနေ အဓိဋ္ဌာန်ပြုပါတယ် တော်လှန်ရေးနေ့မှာ” လို့ ပြောပါတယ်။

ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးသမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၄၅ ခုနှစ်ကစပြီး နှစ်စဉ် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့တပ်မတော်သမိုင်းမှာ တော်လှန်ရေးနေ့ဟာ အရေးပါတဲ့ နေရာမှာ ရှိခဲ့တာပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၅ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ 

ဖက်ဆစ်ဝါဒကို ပြည်သူတွေ စုပေါင်းတိုက်ထုတ်ခဲ့တဲ့ သမိုင်းကို မှေးမှိန်စေဖို့နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပိုအလေးသာစေဖို့ ဗိုလ်ချုပ်နေဝင်းက အခုလို နာမည်ပြောင်းလဲခဲ့တာလို့ လေ့လာသူ တွေက မှတ်ချက်ပေးပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013