
တယ်လီဂရမ် (Telegram) မက်ဆေ့ချ်ပို့အပလီကေးရှင်းဟာ လာမဲ့အကြိမ် ရုရှားတရားရုံးကြားနာမှု ၈ ခုမှာ ရူဘယ် ၆၄ သန်း (အမေရိကန် ဒေါ်လာ ၀ ဒသမ ၈၂ သန်း) အထိ ဒဏ်ငွေတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ တရားရုံးစာရွက်စာတမ်းတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန RIA က ဖေဖော်ဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။
ကြားနာမှုတွေဟာ ရုရှားဥပဒေအရ လိုအပ်တဲ့ အချက်အလက်တွေကို ဖယ်ရှားဖို့ တယ်လီဂရမ်က ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆက်စပ်နေတယ်လို့ RIA က ပြောပါတယ်။
ရုရှားမှာမွေးတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် ပါဗယ်လ် ဒူရော့ဗ် တည်ထောင်ခဲ့တဲ့ တယ်လီဂရမ်ဟာ ရုရှားနိုင်ငံအတွင်းနဲ့ အနီးတဝိုက်က ပုဂ္ဂလိကနဲ့ အများပြည်သူဆိုင်ရာ ဆက်သွယ်ရေးတွေအတွက် အလွန်အရေးကြီးတဲ့လမ်းကြောင်းတခုပါ။
ရုရှားသမ္မတနန်းတော်နဲ့ ပြည်ပရောက် အတိုက်အခံတွေ အပါအဝင် သတင်းရေးသားသူ အမျိုးမျိုးဟာ ပရိသတ်အများအပြားဆီ သတင်းအချက်အလက်တွေကို ချက်ချင်းဖြန့်ဝေဖို့ တယ်လီဂရမ် အပလီကေးရှင်းကို သုံးနေကြပါတယ်။
Source: Reuters










