
အိန္ဒိယနိုင်ငံမှာ အမျိုးသားအဆင့် ဆေးဘက်ဆိုင်ရာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုမဲ့သူတွေကို လိမ်လည် လှည့်ဖြားဖို့ တယ်လီဂရမ်ကို အသုံးပြုခဲ့ကြတာကြောင့် အစိုးရက ဒီအက်ပလီကေးရှင်းကို ယာယီ ပိတ်ချလိုက်ပါတယ်။
အဲဒီဝင်ခွင့်စာမေးပွဲဟာ ပြီးခဲ့တဲ့လကလည်း မေးခွန်းပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဖြေဆိုသူ ၂ ဒသမ ၃ သန်းရဲ့ စာမေးပွဲရလဒ်တွေကို ပယ်ဖျက်ခဲ့ရဖူးပါတယ်။
အိန္ဒိယမှာ မကြုံစဘူး ဖြစ်ရပ်တခုအဖြစ် ဒီပိတ်ပင်မှုဟာ “၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ပြန်လည် ဖြေဆိုရဖို့ သတ်မှတ်ထားတဲ့ အမျိုးသားအဆင့် ဝင်ခွင့်စာမေးပွဲ (NEET) ဖြေဆိုမဲ့သူတွေကို လိမ်လည်ဖို့အတွက် တယ်လီဂရမ်ကို စနစ်တကျ အသုံးပြုလာတဲ့အပေါ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်” လို့ ပညာရေးဝန်ကြီးဌာနရဲ့ အမျိုးသားစာစစ်အေဂျင်စီ (NTA) က အင်္ဂါနေ့မှာ ပြောပါတယ်။
အမျိုးသားစာစစ်အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် အဘီရှက်ခ် ဆင်းန်က “လူလိမ်တွေရဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ မေးခွန်းအတုတွေကို မေးခွန်းအစစ်တွေပါ ဆိုပြီး မျှဝေပြီးတော့ ဒီတယ်လီဂရမ်ပလက်ဖောင်းကို ဆက်တိုက် အလွဲသုံးစား လုပ်နေကြတာပါ။ သူတို့က လူတွေကို လိမ်ညာပြီး ပိုက်ဆံတောင်းတာမျိုး၊ စာမေးပွဲအတွက် စိုးရိမ်ပူပန်နေရတဲ့ ကျောင်းသားတွေရဲ့ စိတ်ခံစားချက်ကို အခွင့်ကောင်းယူ အမြတ်ထုတ်တာမျိုးတွေ လုပ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
ဒါ့အပြင် သူက “NTA အနေနဲ့ ဘယ်လိုမသမာမှုမျိုးမှ မဖြစ်စေရအောင် ရာနှုန်းပြည့် တာဝန်ယူ ဆောင်ရွက်နေပါတယ်။ မေးခွန်းလွှာတိုင်းကို လုံခြုံရေးအဆင့်ဆင့် ထပ်တိုးပြီး စိတ်ချရအောင် လုပ်ထားပါတယ်။ မေးခွန်းထုတ်တာ၊ ဘာသာပြန်တာ၊ ပုံနှိပ်တာ၊ သယ်ယူတာကအစ စာမေးပွဲ ကျင်းပမဲ့နေ့အထိ သိမ်းဆည်းထားတဲ့နေရာတွေမှာ ဘာတခုမှ ပေါက်ကြားမှုမရှိစေရအောင် ကြိုတင် ကာကွယ်မှု အားလုံးကို လုပ်ဆောင်ထားပါတယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။
နယူးဒေလီမြို့ လေဒီဟာဒင်း ဆေးကောလိပ်က ဆေးကျောင်းသားတယောက်ကတော့ တယ်လီဂရမ် ကို ပိတ်လိုက်ရုံနဲ့ပဲ ပိုပြီးနက်ရှိုင်းတဲ့ စနစ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အခုလို မေးခွန်းပေါက်ကြားမှု စွပ်စွဲချက်တွေနဲ့ ကျောင်းသား ၂ ဒသမ ၃ သန်းရဲ့ စာမေးပွဲရလဒ်တွေ ကို ဖျက်သိမ်းခဲ့ပြီးနောက်မှာ အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဆန္ဒပြမှုတွေထဲမှာ အိန္ဒိယရဲ့ လူသိများတဲ့ ကော့ခရို့ချ် ဂျန်တာပါတီက ပညာရေးဝန်ကြီး ဒါမန်ဒြာ ပရာဒန်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တာလည်း ပါဝင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် တယ်လီဂရမ်ဘက်က ချက်ချင်း ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပါဘူး။
အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် (GMT) ၀၈:၃၀ နာရီအထိတော့ အိန္ဒိယမှာ တယ်လီဂရမ် အက်ပလီ ကေးရှင်းကို သုံးလို့ရနေပါသေးတယ်။
ဂူးဂဲလ်နဲ့ အက်ပဲလ် ကုမ္ပဏီ ၂ ခုလုံးဟာ တယ်လီဂရမ် အက်ပလီကေးရှင်းကို သူတို့ရဲ့ အက်ပ်စတိုးတွေကနေ ယာယီဖြုတ်ချပေးဖို့ အစိုးရဆီကနေ အမိန့်စာရရှိထားပြီးဖြစ်လို့ အဲဒီအတိုင်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီအခြေအနေကို တိုက်ရိုက်သိရှိတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
Source: Reuters










